BEC-TERO TV

မြန်မာလုပ်သားများလွှဲထားသည့် ကျပ်သိန်း ၆၀ လိမ်ယူပြီး တိမ်းရှောင်နေသူကို ဖမ်းမိ

09 Jul 2020     1,292 Views


ထိုင်းရောက်မြန်မာလုပ်သားတွေရဲ့ လုပ်အားခကို မြန်မာပြည်ရှိ မိသားစုထံ ပို့ပေးမယ်လို့ ပြောပြီး အမှန်တကယ်မပို့ပေးဘဲ ငွေတွေယူဆောင်တိမ်းရှောင်နေတဲ့ မြန်မာငွေလွှဲပွဲစား ၁ ဦးကို မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (အေအေစီ) က ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။

အသက် ၄၁ နှစ်ရွယ်ရှိ သဲထက်အောင်ဆိုသူ မြန်မာ ၁ ဦးမှာ မြဝတီကနေပြီး ငွေလွှဲမှု ဝန်ဆောင်ပေးနေကြောင်း အွန်လိုင်းကနေ သိရှိရတဲ့အတွက် အလုပ်သမားတွေက ယုံကြည်စွာ ငွေလွှဲခဲ့ကြောင်း၊ ဒါပေမယ့် ခုနောက်ပိုင်းမှာ အလုပ်သမား ၁၀ ဉီးထံမှ ငွေတွေယူထားပြီး သက်ဆိုင်ရာ မိသားစုထံ ကျပ်ငွေ သိန်းပေါင်း ၆၀ ကို လွှဲမပေးဘဲ တိမ်းရှောင်နေလို့ စုံစမ်းပြီး ထိုင်းနိုင်ငံ နခွန်းပထုံမြို့ အုန်းရိုင်ရပ်ကွက်ရှိ တိုက်ခန်းတခုမှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ အေအေစီအဖွဲ့တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“ပထမ ၁ သိန်း ၂ သိန်းပို့တုန်းကတော့ လွှဲပေးတယ်။ အခုသိန်း ၆၀ ဖိုး ပို့ကြတော့ သူက မပို့ပေးဘဲ ထိုင်းနိုင်ငံထဲမှာ ပတ်ပြီးပုန်းရှောင်နေတာ။ ကျနော်တို့အေအေစီအဖွဲ့က စေတနာ့ဝန်ထမ်း တွေ အလုပ်သမားတွေနဲ့ ပူးပေါင်းပြီးတော့ သဲလွန်စလိုက်ရှာတာ၊ သူနေတဲ့နေရာသိတာနဲ့ မနေ့ ည က ဝိုင်းဖမ်းပြီး ထိုင်းရဲလက်ကို အပ်လိုက်ပါတယ်ခင်ဗျ။ သူကလည်း အပြစ်ကိုဝန်ခံတယ်။ ဒါပေမယ့် လိမ်ယူထားတဲ့ ပိုက်ဆံတွေတော့ လောလောဆယ်သူ့မှာ ပြန်ပေးနိုင်တဲ့ အနေအထားမရှိသေးဘူး။ ဘဏ်ထဲမှာတော့ မြန်မာငွေ သိန်း ၃၀ လောက်ရှိမယ့် ထိုင်းငွေတွေရှိတယ်။

အဲဒီပိုက်ဆံကို ရဲကစစ်ဆေးပြီးတော့ ပြန်လျော်ပေးဖို့ကိစ္စတွေ လုပ်ရမှာပေါ။” အဲဒီပွဲစားဆီကနေ ငွေလွှဲပြီး အလိမ်ခံရတဲ့ အလုပ်သမားတွေ ရှိပါက အေအေစီကို ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း၊ ထိုင်းရောက်အလုပ်သမားတွေအနေနဲ့ အခုလို အလိမ်မခံရစေဖို့ အွန်လိုင်းမှာ ကြော်ငြာတဲ့ ငွေလွှဲလုပ်ငန်းတွေ၊ ကြုံရာလူနဲ့ ငွေထည့် ပေးတာတွေကို စိတ်ချယုံကြည်ရမှ ငွေလွှဲကြဖို့ အေအေစီက သတိပေး ပြောကြားပါတယ်။

Credit : နန်းမြနဒီ

#popolay #popolaytv #news #Thai #Myawaddy


09 Jul 2020     1,292 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS