BEC-TERO TV

စစ်ကိုင်း ကောင်းမှုတော်ဘုရားကြီးအား အများပြည်သူ ဖူးမြှော်နိုင်ရန် ယနေ့ ဇူလိုင် ၁၅ရက် ပြန်ဖွင့်မည်

15 Jul 2020     1,736 Views


စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးအား သုံးလကျော်ကြာ အများပြည်သူ လာရောက် ဖူးမြော်ခွင့် ကန့်သတ်ပိတ်ပင်ထားခဲ့ရာမှဇူလိုင်(၁၅)ရက်မှစတင်ကာ ပြန်လည် ဖူးမြှော်ခွင့် ပြုမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးတင်မျိုးလွင်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်၊ စစ်ကိုင်းမြို့နယ် COVID-19 ထိန်းချုပ် ကာကွယ်ရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဇူလှိင်(၁၅)ရက်မှ စတင်ကာ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရာကြီးအား နံနက်(၇)နာရီမှ ညနေ(၅)နာရီအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လာရောက်ဖူးမြော်ခွင့် ပြုမည်ဟု ဦးတင်မျိုးလွင်က ဆိုသည်။ "ဇူလိုင် ၁၅ရက်နေ့ ဖွင့်မှာပါ။ ပထမပိုင်းတော့ နံနက်၇နာရီကနေ ညနေ၅နာရီအထိ သတ်မှတ်ထားပါတယ်။ နည်းနည်း အခြေအနေ ကောင်းလာရင်တော့ အချိန် ပြောင်းပေးမှာပါ။

လူဦးရေ ကန့်သတ်မထားပါဘူး။ လမ်းညွှန်ချက်အတိုင်းတော့ လိုက်နာရမှာပါခင်ဗျ" ဟု ဦးတင်မျိုးလွင်က ပြောသည်။ ကောင်းမှုတော်ဘုရားအား လာရောက်ဖူမြှော်ရာတွင် နှာခေါင်းစည်း(Mask) မတပ်သူများကို ဝင်ခွင့် ပြုမည်မဟုတ်ဘဲ လက်ဆေးခြင်း၊ အလိုအလျောက် အပူချိန်တိုင်းစက်ဖြင့် တိုင်းတာခြင်းတို့ ဆောင်ရွက်မည် ဖြစ်သလို ဘုရားဝင်းအတွင်းရှိ ဈေးဆိုင်များကိုလည်း Social Distancing (တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်း)နှင့် အညီ အရောင်းအဝယ် ပြုလုပ်နိုင်ရန် ဆောင်ရွက်ထားသည်ဟု ၎င်းက ဆိုသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စစ်ကိုင်းမြို့ရှိ ဘုရားစေတီများအား ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှ စတင်ကာ အများပြည်သူ လာရောက်ဖူးမြှော်ခွင့် ကန့်သတ်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ကန့်သတ်ပိတ်ပင်ထားခဲ့သည့် ဘုရား၊စေတီများအနက် စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်စေတီ အပါအဝင် စစ်ကိုင်းမြို့ရှိ အများပြည်သူ လာရောက်ဖူးမြှော်မှု များပြားသည့် ဘုရားစေတီများအား စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ပြီးခဲ့သည့် ဇူလိုင်(၁၁)ရက်မှ စတင်ကာ လာရောက်ဖူးမြော်ရန် ပြန်လည်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း သက်ဆိုင်ရာ ဂေါပကအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင် စေတီတော်အား ဇူလိုင်(၁၂)ရက်မှ စတင်၍ အများပြည်သူ လာရောက်ဖူးမြော်နိုင်ရန် ပြန်လည်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကာ တိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ ဩဝါဒစရိယ ဆရာတော်ကြီးများနှင့် ညှိနှိုင်းတိုင်းပင်ကာ ဂေါပကအဖွဲ့က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဆွမ်းဦးပုညရှင်စေတီ ဂေါပကအဖွဲ့ဥက္ကဌ ဦးစိုးဝင်းက ပြောသည်။ ဆွမ်းဦးပုညရှင်စေတီတော်အား နံနက်(၅)နာရီမှ ည(၈)နာရီအထိ လာရောက်ဖူးမြှော်ခွင့် ပြုထားပြီး အချိန်ပြောင်းလဲခြင်း မရှိသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ လာရောက်ဖူးမြှော်နိုင်ရန် ဆောင်ရွက်ထားသည်ဟု ၎င်းက ပြောသည်။

ထို့အပြင် လတ်တလော ဘုရားဖူးလာရောက်သူ များပြားနေသည့် စစ်ကိုင်းတောင်ရိုး ရှင်သီဝလိ တောရရိပ်သာတွင် တည်ထားသည့် မိုးကုတ် ဆရာတော်ကြီး၏ တရားဓမ္မစေတီများအား ဇူလိုင်(၁၂)ရက်မှ စ၍ စည်းကမ်းချက်များနှင့်အညီ ပြန်လည် လာရောက်ဖူးမြှော်ခွင့် ပြုထားကြောင်း ဓမ္မစေတီဖြစ်မြောက်ရေး အကျိူးတော်ဆောင်အဖွဲ့က ကြေညာထားသည်။ စစ်ကိုင်းမြို့ပေါ်ရှိ ဘုရားစေတီများအား စစ်ကိုင်းတိုင်းအစိုးရက အများပြည်သူ လာရောက်ဖူးမြှော်လည်ပတ်ခွင့် ပြန်လည်ခွင့်ပြုပေးခဲ့သော်လည်း မန္တလေးမြို့ပေါ်ရှိ ဘုရားစေတီများကိုမူ ဖူးမြှော်ခွင့် ပိတ်ပင်ထားဆဲဖြစ်သည်။

Credit : မောင်မင်းမော်

#popolay #popolaytv #news #ကောင်းမှုတော်ဘုရား #စစ်ကိုင်း


15 Jul 2020     1,736 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS