BEC-TERO TV

လတ်တလောကျန်းမာရေး အခြေအနေအကြောင်းပြောပြလာတဲ့ သံသာမိုးသိမ့်

23 Jul 2020     2,040 Views


မိန်းမချော ကာရိုက်တာနဲ့ရော မေပျိုဖြူ ကာရိုက်တာနဲ့ပါ ပရိသတ်ရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ MRTV-4 မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ လတ်တလောမှာ ကျန်းမာရေးအခြေအနေမကောင်းတာကြောင့် အလုပ်တွေကိုတောင်ရပ်စဲလိုက်ရတယ်လို့ သိရပါတယ်။

သံသာမိုးသိမ့်ဟာ ပြီးခဲ့တဲ့ရက်က အစာအိမ်ရောင်ဖြစ်ကာ ဘာမှမစားမသောက်ရပဲ ဆန်ပြုတ်တစ်ခုသာ နေ့စဉ်စားသောက်နေရတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးမကောင်းတာကြောင့် အိပ်ရာထဲမှာပဲအနားယူနေရပြီး လုပ်လက်စ အနုပညာအလုပ်တွေကိုလည်း ရွှေ့ဆိုင်းထားရတယ်လို့ သိရပါတယ်။

ကျန်းမာရေးအခြေအနေမကောင်းတာကြောင့် အလုပ်တွေအားလုံးရပ်နားပြီး အိမ်ထဲမှာပဲအနားယူနေရကြောင်းကိုတော့ “ကျန်းမာရေးအခြေနေကြောင့် အလုပ်လေးတွေလည်း အကုန်အနောက်ရွှေ့ပေးထားတဲ့သူတွေလည်း ကျေးဇူးတင်ပါတယ်..အစာအိမ်ရောင်သွားတာမို့ ဘာမှစားမရတော့ပဲ ဆန်ပြုတ်ပဲစားနေရတာမို့ ဘာစားချင်လဲ လာကျွေးမယ်ဆိုတဲ့သူများလည်း ကျေးဇူးတင်ပါတယ်နော်… အိပ်ရာထဲပဲနားနေရတာမို့ ဓာတ်ပုံလေးတွေလည်းမရိုက်နိုင်တာကြောင့် နေကောင်းမှပဲ ပုံလေးတွေတင်တော့မယ်နော်”လို့ သံသာမိုးသိမ့်က သူမရဲ့လူမှုကွန်ယက်မှာ ရေးသားပြောပြခဲ့ပါတယ်။

အမြဲတမ်း လန်းလန်းဆန်းဆန်းနဲ့ ချစ်စရာကောင်းပြီးလှပနေတဲ့မင်းသမီးလေး ကျန်းမာရေးမကောင်းဖြစ်နေတာကြောင့် သူမကိုချစ်ကြတဲ့ပရိသတ်တွေက ဝိုင်းဝန်းစိတ်ပူပေးနေကြတာလည်းဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နာလန်ထစ သူမရဲ့ပုံရိပ်လေးတွေနဲ့အတူ ကျန်းမာရေး စသက်သာနေပြီဆိုတဲ့အကြောင်းကို “အခု စသက်သာနေပီ နောက်နေ့တွေဆိုပုံမှန်ကောင်းပါပီ စိတ်မပူကျပါနဲ့” လို့ သူမရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်ပူပန်ပေးကြတဲ့ပရိသတ်တွေကို အကြောင်းပြန်ထားတာတွေ့ရပါတယ်။

(ပိုပိုလေး)

 


23 Jul 2020     2,040 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment