BEC-TERO TV

ပျားရည်၏အစွမ်းထက်ပုံ

29 Jul 2020     1,688 Views


ပျားရည်ကို လူသားတို့ အသုံးပြုခဲ့ကြသည်မှာ နှစ်ပေါင်း ၂၇၀၀ ကျော်ခဲ့ပြီ ဖြစ်သည်။ အစားအသောက်အတွက်သာမက ဆေးဖက်လည်း ၀င်သောကြောင့် လူမျိုးတိုင်း ဘာသာတိုင်းနီးပါး၏ သမိုင်းတွင် ပျားရည်၏ အခန်းကဏ္ဍကို တွေ့နိုင်ပါသည်။ ရှေးခေတ်ကတည်းကပင် ပျားရည်ကို အနာကျက်ဆေး အနေဖြင့်လည်းကောင်း၊ ချောင်းဆိုးပျောက်ဆေးအနေဖြင့်လည်းကောင်း၊ အသားလှဆေးအနေဖြင့်လည်းကောင်း အသုံးပြုခဲ့ကြသည်။
 
ယခင်က မည်သည့်အတွက်ကြောင့် ဤမျှ အစွမ်းထက်သည်ကို မသိခဲ့ကြသော်လည်း ယခုအခါ သိပ္ပံပညာ၏ တိုးတက်မှုနှင့်အတူ သိခွင့်ရှိလာပြီ ဖြစ်သည်။ ပျားရည် အစွမ်းထက်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အမြောက်အများ ပါ၀င်သောကြောင့် ဖြစ်ပါသည်။
 
ပျားရည်ကို ထုတ်လုပ်သည့်ဒေသနှင့် ပျားအမျိုးအစားအပေါ်မူတည်ပြီး အမျိုးအစား မြောက်များစွာ ခွဲခြားနိုင်ပါသည်။ အကြမ်းဖျင်းအားဖြင့် raw honey လို့ခေါ်တဲ့ ပျားအုံမှ တိုက်ရိုက်ဖွတ်လာသော ပျားရည်အကြမ်းနှင့် processed commercial honey လို့ခေါ်တဲ့ အပြင်မှာ လွယ်လွယ်ကူကူ ၀ယ်လို့ရတဲ့ ပျားရည်ဆိုပြီး ခွဲကြည့်ရအောင်။
 
ပျားရည်အကြမ်းခြင်း ယှဉ်ရာတွင် သဘာ၀အတိုင်း ဖြစ်ပေါ်နေသော ပျားအုံမှ ဖွတ်လာသော ပျားရည်သည် မွေးမြူရေး ပျားရည်ထက် အစွမ်းသတ္တိ ပိုမိုထက်မြက်ပါသည်။
 
ပျားရည်ဆိုသည်မှာ ပျားလုပ်သားများက ပန်းပွင့်ပေါင်းများစွာကို လှည့်လွယ်သွားလာပြီး ရရှိလာသော ပန်း၀တ်ရည်တို့မှ တစ်ဆင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းတို့ သွားထားသော အပင်အမျိုးအစား စုံလေလေ ပန်းပွင့်တို့မှ ရရှိသော ပိုးသေစေသည့်သတ္တိများ၊ နှင့် ဓာတ်တိုးဆန့်ကျင်သည့် သတ္တိများ ပိုများလေလေဖြစ်သည်။
 
သို့သော် တစ်ခါတစ်ရံတွင် Clostridium botulinum bacteria spore ဟုခေါ်သည့် ဘယ်တီးရီးယားတို့၏ ဥများ ပါလာတတ်သည်။ ထို့ကြောင့် အသက် ၁ နှစ်အောက် ငယ်သော ကလေးများကို ပျားရည်လုံး၀ မတိုက်ရပါ။ အဘယ့်ကြောင့်ဆိုသော် အဆိုပါ ဘက်တီးရီးယားများ ပေါက်ပွားကာ Botulism လို့ခေါ်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။ အသက်ကိုပင် သေစေနိုင်ပါသည်။ လူကြီးတွေအတွက်တော့ စိုးရိမ်စရာမရှိပါ။
 
ပျားရည်ကို ဓာတုဗေဒနည်းဖြင့် ဓာတ်ခွဲကြည့်မည်ဆိုပါက fructose နှင့် glucose သကြားများက ၆၀ ရာခိုင်နှုန်း မျှ ပါ၀င်ပါသည်။ အခြားပါ၀င်သော ပစ္စည်းများမှာ ဗိုက်တာမင်၊ သတ္တုဓာတ်များ နှင့် ဓာတ်တိုးမှုကို ဆန့်ကျင်နိုင်သည့် သတ္တိရှိသော ဒြပ်ပေါင်းများ ပါ၀င်ပါသည်။
 
ပျားရည်တွင် ဘက်တီးရီးယားပိုးများ နှင့် မှိုများကို သေစေနိုင်သော သတ္တိရှိသည်။
အရေပြားတွင် ဖြစ်ပေါ်နေသော အနာများတွင် ဆေးအဖြစ်ထည့်ပါက အနာအကျက်မြန်သည်ကို ရှေးကတည်းကပင် သိရှိခဲ့ကြသည်။ ပျားရည်တွင် ရေဓာတ်ပါ၀င်မှု အရမ်းနည်းပါးသောကြောင့် ပြင်ပရေမပါ၀င်ဘဲ ပျားရည်ချည်း သက်သက်ဖြင့် အနာကို ထည့်ပေးပါက ဘက်တီးရီးယားပိုးများ မပေါက်ပွားနိုင်ပါ။
 
ပျားရည်၏ pH သည် pH 4 ပတ်၀န်းကျင်တွင် ရှိသောကြောင့် အက်ဆစ်ဓာတ်က ပိုးများကို သေစေနိုင်ပါသည်။ ထို့အပြင် အနာမှ ထွက်လာသည့် အရည်တို့နှင့် ဓာတ်ပြုပြီး hydrogen peroxide လို့ခေါ်တဲ့ ပိုးသတ်ဆေးရည်တစ်မျိုးကိုလည်း ဖြစ်စေသည်။ ထိုအခါ ပျားရည်သည် အလွန်အစွမ်းထက်သည့် အနာထည့်ဆေးတစ်လက် ဖြစ်လာပါသည်။
 
ထို့ကြောင့် အချို့ သုတေသီတို့က အမေရိကန်တွင် ပျားရည်ကို အနာထည့်ဆေးအဖြစ် hospital protocol များတွင် ထည့်သွင်းရန် အကြံပြုကြသည်။ သုတေသန စာတမ်းများအရ ပျားရည်ကို အနာထည့်ဆေးအဖြစ် အသုံးပြုပါက ပုံမှန်အနာထည့်ဆေးများအသုံးပြုသော အနာများထက် ၄ ရက် ၅ ရက်ခန့် ပိုမိုလျင်မြန်စွာ အနာကျက်သည်ကို တွေ့ရပါသည်။
 

စွမ်းအင်တိုးဆေး

ပျားရည်တွင် ပါ၀င်သော သကြားနှစ်မျိုးအနက် glucose သည် အစာလမ်းကြောင်းမှ စုပ်ယူမှုမြန်သောကြောင့် စားပြီးပြီးချင်း လန်းဆန်းစေသည်။ Fructose ကမူ စုပ်ယူမှု နှေးသောကြောင့် သွေးအတွင်း၌ သကြားဓာတ်ကို ပုံမှန်ထောက်ပံ့ပေးနိုင်သည်။ ထိုအချက်က အားကစားသမားများအတွက် အထူးသင့်တော်သည်။ မနက်အိပ်ယာထထချင်း လမ်းလျောက်မည်ဆိုပါက အချိုဓာတ်လွန်ကဲသော ဘီစကစ်များ၊ မုန့်များစားမည့်အစား ပျားရည်နှစ်ဇွန်းလောက် သောက်ပါက ကိုယ်အလေးချိန်ထိန်းသည့်အပြင် သွေးတွင်း သကြားဓာတ်ကို ပါ အလွန်အကျွံမတက်စေသောကြောင့် ရေရှည်တွင် ကျန်းမာရေးကို အထောက်အကူပြုပါသည်။
 
ကလေးများတွင် ချောင်းဆိုးပျောက်ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ ၂ နှစ်အထက် ကလေးများတွင် ချောင်းဆိုးပျောက်ဆေးအဖြစ် အသုံးအများဆုံးမှာ dextromethophan လို့ခေါ်တဲ့ ချောင်းဆိုးပျောက်ဆေးဖြစ်ပါတယ်။ မြန်မာပြည်မှာ ဆေးသမားတွေရဲ့ လက်ဆွဲ ဖြစ်ဖူးလို့ ကျန်းမာရေး၀န်ကြီးဌာနက ပိတ်ထားတဲ့ ဆေးပါ။ ထိုဆေးသောက်ပါက ငိုက်မြီးခြင်း လေးလံထိုင်းမှိုင်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ အမေရိကန်မှာ အသက် ၂နှစ်မှ ၁၈ နှစ်ကြားရှိတဲ့ ကလေး ၁၀၅ ယောက်တွင် ပြုလုပ်ခဲ့သော သုတေသနာ စာတမ်းတစ်ရပ်အရ ညအိပ်ခါနီးတွင် ပျားရည်တစ်ဇွန်းကို သောက်၍ အိပ်သောကလေးများသည် dextromethophan ကို သောက်၍ အိပ်သောကလေးများကဲ့သို့ပင် ညဘက်ချောင်းဆိုးသက်သာသည်ကို တွေ့ရသည်။ ထို့အပြင် ပျားရည်သည် အာသီးရောင်ခြင်း နှင့် လည်ချောင်းနာခြင်းတို့ကိုလည်း သက်သာစေသောကြောင့် တုတ်ကွေးရာသီတွင် ကလေးများအတွက် ဆေးတစ်လက်အနေဖြင့် သုံးလို့ရပါတယ်။ ကလေးများသာမက လူကြီးများအတွက်ပါ အသုံးပြုနိုင်ပါသည်။
 

အသုံးပြုပုံ

 
အာသီးရောင်ခြင်း
 
သင် အာသီးရောင်နေပါက သောက်ရေခွက်အတွင်းသို့ ပျားရည်နှစ်ဇွန်း၊ သံပရာရည် လေးဇွန်း နှင့် ဆားတစ်ဇွန်းတို့ကို ထည့်ပြီး ရေနွေးဖြင့်ရောကာ ပလုတ်ကျင်းပါက လည်ချောင်းနာခြင်း အာသီးရောင်ခြင်းတို့ကို လျင်မြန်စွာ သက်သာနိုင်ပါသည်။
 
၀မ်းရှင်းစေသည်
 
၂၀၀၈ ခုနှစ် ဇန်နဝါရီလမှာ ပြုလုပ်ခဲ့တဲ့ ပျားရည်နှင့် ကျန်းမာရေး စာတမ်းဖတ်ပွဲနှင့် ဟောပြောပွဲအရ ပျားရည်တွင် လူသားတို့ကို အကျိုးပြုသည့် lactobacilli ဘက်တီးရီးယားများပါ၀င်တဲ့အတွက် ၀မ်းပျက်၀မ်းလျှော ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်နှင့် အူလမ်းကြောင်းရှိ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ အချို့လည်း အူမကြီးကင်ဆာကို ကာကွယ်နိုင်သည်ဟု ပြောကြသည်။
 
ဆီးချိုသမားတို့အတွက်
 
ထို့အပြင် ပျားရည်ကို ဆီးချိုသမားများတွင် ဆေးသကြားအဖြစ် သုံးနိုင်ပါသည်။ အချိုကို လုံးဝရှောင်နိုင်ရင်တော့ အကောင်းဆုံးဆိုပေမယ့် မရှောင်နိုင်လို့ အနည်းငယ် စားမည်ဆိုပါက ပျားရည်သည် စားသင့်သော သကြားတစ်မျိုးဖြစ်ပါသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ဆီးချိုသမားများအတွက် မရှိမဖြစ်လိုအပ်လှသည်။ ပျားရည်တွင် အဆိုပါ ပစ္စည်းများပါ၀င်သောကြောင့် အသည်းကို တစ်ခါတည်း ကာကွယ်ပေးရာရောက်သလို သွေးကြောများ ကျဉ်းခြင်းကိုလည်း ကာကွယ်ပေးပါသည်။ သွေးထဲတွင် သကြားဓာတ်ကို အရမ်းမတက်အောင် level တစ်ခုတွင် ထိန်းသိမ်းပေးရာတွင်လည်း အထောက်အကူပြုပါသည်။ ဆီးချို အမျိုးအစား ၁ သာမက အမျိုးအစား ၂ တွင်ပါ စားသုံး၍ ရပါသည်။
 
တစ်နေ့တစ်ဇွန်း
 
မည်သူမဆို ပျားရည်ကို တစ်နေ့တစ်ဇွန်း စားသုံးပါက အထက်ပါ အကျိုးကျေးဇူးများကို ရရှိမည့်အပြင် ကင်ဆာရောဂါများကို ကာကွယ်ခြင်း၊ အသားအရေလှခြင်း၊ ဆံပင်လှခြင်း၊ အိုမင်းမှုကို နှေးကွေးစေခြင်း နှင့် ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းတို့ကိုလည်း ဖြစ်စေပါသည်။
 
အရက်မူးနေပါက
 
ပျားရည်တွင် ပါ၀င်သော သကြားဓာတ်သည်အစာအိမ်အတွင်းမှ alcohol တို့နှင့် ဓာတ်ပြုကာ ဓာတ်ပြယ်အောင်ပြုလုပ်ပေးနိုင်သော အစွမ်းရှိသည်။ အနောက်တိုင်းတွင်သာမက အရှေ့တိုင်းတွင်ပါ ပျားရည်ကို အမူးပြယ်ဆေးအနေဖြင့် သုံးကြသည်။ သံပရာရည်ဖြင့် ရောပြီးသောက်ပါက ပိုမို အစွမ်းထက်ပါသည်။
 
အိပ်မပျော်ပါက
 
နွားနို့ပူပူတစ်ခွက်အတွင်းသို့ ပျားရည် ၂ဇွန်းခန့် ထည့်၍ မွှေပြီး သောက်ပါက စိတ်တည်ငြိမ်ကာ အိပ်ပျော်စေသည်ကို တွေ့ရပါသည်။
 

ဘေးထွက်ဆိုးကျိုးများ

 
UK နှင့် US ရှိ သဘာ၀ပျားရည်များတွင်မူ အထက်တွင် ဖော်ပြထားသော botulinum spore များ ပါ၀င်တတ်သောကြောင့် (အထူးသဖြင့် california တွင်) အထူးသတိပြုစေလိုသည်။ ထို့အပြင် New Zealand မှထွက်သော tutu အပင်များတွင် နေသည့် ပျားများမှ ထွက်သည့် ပျားရည်သည် ပျားရည်အဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါသည်။ လက္ခဏာများမှာ အထက်လန်အောက်လျှော ဖြစ်ခြင်း၊ သတိလစ်ခြင်း နှင့် တက်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။
 

မှတ်ချက်

အထက်တွင်ဖော်ပြခဲ့သော ကျန်းမာရေး ကောင်းကျိုးများမှာ ပျားရည်ကိုသောက်သုံးခြင်းမှ ရသော အကျိုးကျေးဇူးများ ဖြစ်ပါသည်။ ပျားရည်မှ ထုတ်လုပ်ထားသော သောက်ဆေးများကို စားသုံးခြင်းကြောင့် မဟုတ်ပါ။ သတိပြုရန်မှာ ဓာတ်တိုးဆန့်ကျင်သည့် ဒြပ်ပေါင်းများ ပါ၀င်သော မည်သည့်ဆေးမဆို သဘာ၀ အတိုင်းဖြစ်သော ထွက်ကုန်များကသာ အစွမ်းထက်ပါသည်။
 
ဥပမာ ။     ။ ပျားရည်မှ ထုတ်လုပ်ထားသောဆေးသည် သဘာ၀ပျားရည်ကဲ့သို့ အစွမ်းထက်မည်ဟု မည်သူမှ အာမ မခံနိုင်ပါ။ ထို့ကြောင့် သဘာ၀ထွက်ကုန်ကိုသာ အားပေးစေလိုသည်။
 
(ပိုပိုလေး)

29 Jul 2020     1,688 Views




RELATED

Most Popular of Health Fix

Most Popular of Life Style