BEC-TERO TV

နှမ်းစေ့၏ အံ့အားသင့်ဖွယ်ရာ ကျန်းမာရေး အာနိသင်များ

01 Aug 2020     1,990 Views


နှမ်းစေ့မှာ အာဟာရဓာတ်တွေ အပြည့်ပါဝင်နေသလို ကော့ပါးဓာတ်၊ သွပ်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ မဂ္ဂနိစ်၊ ဆီလီနီယမ်နဲ့ ဆိုဒီယမ်စတဲ့ သတ္တုဓာတ်တွေလည်း အပြည့်ပါဝင်နေပါတယ်။  ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဗီတာမင် B6 သိုင်ယာမင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်နဲ့ တိုကိုဖီရောစတဲ့ ဗီတာမင်တွေလည်း အများအပြား တွေ့ရပါတယ်။ နှမ်းစေ့မှာ ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အမိုင်နိုအက်စစ်၊ အမျှင်ဓာတ် စတာတွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့် နှမ်းစေ့မှာ အင်တီအောက်ဆီးဒင့် အများအပြားပါဝင်ပြီး ကိုလက်စထရော နည်းပါတယ်။ နှမ်းစေ့မှာ ပါဝင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက အများအပြား ရှိပါတယ်။
 

အရိုးကျန်းမာရေး

 
နှမ်းစေ့ လက်တစ်ဆုပ်စာ ပမာဏမှာ နွားနို့တစ်ဖန်ခွက်မှာပါတဲ့ ကယ်လ်စီယမ်ထက် ပိုမို ပါဝင်နေပါတယ်။ နှမ်းစေ့မှာပါတဲ့ ကယ်လ်စီယမ်ဟာ အရိုးကျန်းမာအောင် တည်ဆောက်နိုင်ပြီး အရိုးအားနည်းတာနဲ့ သွားခိုင်မာမှု လျော့ကျတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သက်လတ်ပိုင်းအရွယ်နဲ့ သက်ကြီးအမျိုးသမီးတွေမှာ အရိုးပါးရောဂါ မရအောင် နှမ်းစေ့က ကာကွယ် ပေးနိုင်ပါတယ်။
 

ကင်ဆာကာကွယ်ရေး

 
နှမ်းစေ့မှာပါတဲ့ Sesamine နဲ့ Sesamolin တို့မှာ ကင်ဆာဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ရှိနေပါတယ်။ နှမ်းစေ့ကို စားတာကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားဖွံ့ဖြိုးမှု မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ကင်ဆာ ကုသရေးကိုလည်း အထောက်အပံ့ ပေးပါတယ်။
 

ခေါင်းတစ်ခြမ်းကိုက်ခြင်း သက်သာရန်

 
နှမ်းစေ့မှာပါတဲ့ မဂ္ဂနီဆီယမ်ဟာ ခေါင်းတစ်ခြမ်း ကိုက်စေတဲ့ သွေးကြောကျုံ့ဆန့်မှုကို လျော့ကျစေပါတယ်။ နှမ်းစေ့ကို ပုံမှန် စားတာကြောင့် ခေါင်းတစ်ခြမ်းကိုက်တာ၊ ခေါင်းကိုက်တာနဲ့ မူးဝေတာတွေကို သက်သာစေပါတယ်။
 

နာ့ဗ်ကြောစနစ် သန်စွမ်းအောင်

 
နှမ်းစေ့မှာပါတဲ့ ဗီတာမင်အီးဟာ နာ့ဗ်ကြောစနစ်ကို ကောင်းမွန်စေပြီး နာ့ဗ်ကြောစနစ်မှာ ဝေဒနာတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
 

အသားအရေ ထိန်းသိမ်းမှု

 
နှမ်းစေ့နဲ့ နှမ်းဆီမှာ အရေပြားနဲ့ ဆံပင်အတွက် အကျိုးရှိတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ နှမ်းဆီက အရေပြား မီးလောင် ဒဏ်ရာတွေကို သက်သာစေပြီး အရေပြားဆိုင်ရာ ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နှမ်းစေ့ကို ပုံမှန်စားတာက အသားအရေ အမျိုးအစား အားလုံးအတွက် အကျိုးကျေးဇူး ရှိပါတယ်။
 

အူလမ်းကြောင်းနှင့် အစာခြေစနစ် ကျန်းမာရေး

 
နှမ်းစေ့ဟာ အူလမ်းကြောင်း တစ်လျှောက်မှာ သန်ကောင်တွေ ကူးစက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နှမ်းမှာပါတဲ့ အမျှင်ဓာတ်တွေက အစာခြေလမ်းကြောင်းစနစ် ကျန်းမာရေးကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။
 

နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး

 
နှမ်းစေ့မှာပါတဲ့ Sesamine နဲ့ Sesamolin တို့ဟာ သွေးတိုးတာ မဖြစ်အောင်နဲ့ သွေးတွင်း ကိုလက်စထရောအဆင့် လျော့ကျအောင် ကာကွယ်ပေးနိုင်ပါတယ်။ နှမ်းစေ့ဟာ နှလုံးသွေးကြောစနစ်ဆိုင်ရာ ရောဂါတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
 

ရင်ကျပ်ပန်းနာရောဂါ ကာကွယ်ရေး

 
နှမ်းစေ့မှာပါတဲ့ မဂ္ဂနီစီယမ်ဟာ ရင်ကျပ်ရောဂါထတာနဲ့ အသက်ရှူလမ်းကြောင်းစနစ်ဆိုင်ရာ ဝေဒနာတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
 

သွေးဆုံးဝေဒနာ သက်သာရေး

 
နှမ်းစေ့စားသုံးတာကြောင့် သွေးဆုံးချိန် ရောက်နေတဲ့ အမျိုးသမီးတွေမှာ ပူနွေးတာ၊ ညဘက် ချွေးထွက်လွန်တာနဲ့ အိပ်မပျော်တာတွေလို သွေးဆုံးဝေဒနာတွေကို လျော့ပါးစေပါတယ်။ နှမ်းစေ့ကို စားတာကြောင့် အနာကျက်နှုန်းမြန်တာ၊ အဆစ်ရောင်နာ သက်သာစေတာနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်နှုန်း ကောင်းစေတာစတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်။
 
(ပိုပိုလေး)

01 Aug 2020     1,990 Views




RELATED

Most Popular of Health Fix

Most Popular of Life Style