BEC-TERO TV

အဆိုတော် ထွန်းအိနြ္ဒာဗိုလ်နှင့် တင်ဇာမော်တို့၏ အွန်လိုင်းဖျော်ဖြေပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

04 Aug 2020     1,400 Views


ယခု ကိုဗစ် ၁၉ ကာလတွင် နာမည်ကြီး ဝါရင့်အဆိုတော်ကြီးနှစ်ယောက်ဖြစ်တဲ့ ထွန်းအိနြ္ဒာဗိုလ်နှင့် တင်ဇာမော်တို့ နှစ်ဦးပေါင်းပြီး ပရိသတ်တွေကိုဖျော်ဖြေတင်ဆက်သွားမယ့် အွန်လိုင်းဖျော်ဖြေပွဲ Makeup Room Concert ပွဲကြီးကို ဩဂုတ်လ ၅ ရက်နေ့တွင် ကျင်းပရန်ပြုလုပ်ထားပေမယ့် ယခုချိန်မှာတော့ ထိုအွန်လိုင်းဖျော်ဖြေပွဲအား ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

အနုပညာသီးသန့်ကိုသာ တင်ဆက်ချင်သောကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း ၎င်းပွဲကိုစီစဉ်သည့် King7 Dynasty ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုဝေမင်းမောင်က ယခုကဲ့သို့ ပြောသည်။

‘‘ဒီပွဲက အစောကြီးကတည်းက စောင့်ကြည့်တဲ့သူတွေများတယ်။ အခုပွဲနားနီးလာတဲ့အချိန်မှာ မခိုင်ကြီးရဲ့ ပို့စ်လေးတစ်ခုက ဝေဖန်မှုတွေ၊ စောင့်ကြည့်တဲ့သူတွေ များသွားစေတယ်။ အခုချိန်မှာ ကိုယ်တို့အနေနဲ့ကတော့ အနုပညာသီးသန့် တင်ဆက်ချင်တဲ့အတွက် ရွှေ့လိုက်တာပါ။ မခိုင်ကြီးကိုလည်း အပြစ်ပြောတာမဟုတ်ပါဘူး။ ဒီအနေအထားအရ ရွှေ့သင့်တယ်ထင်လို့ပါ’’ ဟု ပြောသည်။

အဆိုတော် ထွန်းအိနြ္ဒာဗိုလ်မှ ပြီးခဲ့သည့်ရက်ပိုင်းက သူမရဲ့လူမှုကွန်ယက်ပေါ်မှာ မဲစာရင်းကိစ္စနှင့်ပတ်သက်ပြီး ပို့စ်တင်ရေးသားခဲ့ရာမှ ဝေဖန်မှုတစ်ချို့ထွက်ပေါ်ခဲ့တာဖြစ်ပြီး လာမည့် ဩဂုတ်လ ၅ ရက်နေ့တွင်ပြုလုပ်မည့် အွန်လိုင်းဖျော်ဖြေပွဲကို ရက်ရွှေ့ဆိုင်းလိုက်တဲ့အပေါ်

‘‘ကျွန်မမှာတော့ ပြောစရာ ဘာမှမရှိပါဘူး။ ပွဲရက်ရွှေ့တာကလည်း စီစဉ်သူများရဲ့ဆန္ဒပါ’’ ဟု ပွဲရွှေ့သည့်ကိစ္စနှင့်ပတ်သက်လို့ ထွန်းအိန္ဒြာဗိုက ပြောပါသည်။

၎င်းဖျော်ဖြေပွဲကို ယခင်က ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ပွဲကျင်းပမည့်ရက်နှင့် ဖျော်ဖြေပွဲကြော်ငြာတွင် အနုပညာရှင်များ ဝတ်ဆင်ထားသည့် အင်္ကျီအရောင်သည် ပါတီတစ်ခုကိုကိုယ်စားပြုသည်ဟု ဝေဖန်မှုများရှိခဲ့တာကြောင့် ဩဂုတ်လအတွင်းကျင်းပရန် ရက်ရွှေ့ခဲ့ခြင်းဖြစ်ပါသည်။ ယခုလည်း ထပ်မံ၍ ရက်အကန့်မရှိရွှေ့ဆိုင်းလိုက်ပြီး ပွဲပြန်လည်ကျင်းပမည့်ရက်ကိုတော့ သေချာမသတ်မှတ်ရသေးပဲ အားလုံးအေးအေးဆေးဆေးဖြစ်သွားသည့်အချိန်မှသာ ကျင်းပရန်စီစဉ်မည်ဟု ကိုဝေမင်းမောင်က ပြောပါသည်။

(ပိုပိုလေး)


04 Aug 2020     1,400 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment