BEC-TERO TV

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဖြစ်ပွားသော ပေါက်ကွဲမှုကြောင့် လူ ၇၃ဦး ထက်မနည်းသေဆုံးပြီး လေးထောင်ကျော်ဒဏ်ရာရရှိ

05 Aug 2020     1,313 Views


လက်ဘနွန်နိုင်ငံ၏ မြို့တော် ဘေရွတ်တွင် ကြီးမားသောပေါက်ကွဲမှုတစ်ခု ယမန်နေ့(သြဂုတ်လ ၄ ရက်) ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်က ဖစ်ပွားခဲ့ရာ လက်ရှိအချိန်အထိ သိရသော စာရင်းများအရ လူ ၇၃ ဦးထက်မနည်းသေဆုံးပြီး လေးထောင်ကျော်ဒဏ်ရာရရှိကြောင်း လက်ဘနွန်နိုင်ငံ ကျန်းမာရေးဝန်ကြီးကပြောကြားသည်။

ပေါက်ကွဲမှုဖြစ်ပွားရာ ဂိုထောင်များတွင် ၆ နှစ်ထက်မနည်း သိုလှောင်သိမ်းဆည်းထားသည့် ပေါက်ကွဲမှုကြီးမားသော ဓာတုပစ္စည်းများကြောင့်ဟု တာဝန်ရှိသူများကဆိုသည်။ ယင်း ဂိုထောင်များတွင် အမိုးနီးယားနိုက်ထရိတ် တန်ချိန် ၂၇၅၀ ခန့်ကို လုံခြုံမှုကင်းမဲ့စွာ သိုလှောင်ထားကြောင်းသိရသည်ဟု လက်ဘနွန်နိုင်ငံသမ္မတ Michel Aoun က သူ၏ တွစ်တာအကောင့်တွင်ရေးသားထားသည်။

ပေါက်ကွဲမှုကို စတင်ဖြစ်ပေါ်စေသည့် အကြောင်းအရာကိုမူ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ အဆိုပါ ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ တာဝန်ရှိသူသည် အပြင်းထန်ဆုံးပြစ်ဒဏ်ကို ခံရမည်ဖြစ်ကြောင်း လက်ဘနွန်နိုင်ငံ လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီကဆိုသည်။ ယခု ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးရခြင်းများအတွက် အစိုးရက ကူညီပံ့ပိုးငွေ ကန်ဒေါ်လာ ၆၆ သန်းခန့်ထုတ်ပေးမည်ဖြစ်ပြီး၊ ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ်ကို ၃ ရက်ပြုလုပ်မည်ဖြစ်ကြောင်း လက်ဘနွန်သမ္မတကကြေညာသည်။

ပေါက်ကွဲမှုကြောင့် ပေါ်ပေါက်လာသော အသံကို အခင်းဖြစ်နေရာနှင့် မိုင်ပေါင်း ၁၅၀ မျှကွာဝေးသည့် ဆိုက်ပရပ်စ်ကျွန်းမှပင်ကြားရကြောင်းသိရသည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်းသိရသည်။ ဘေရွတ်မြို့တွင် နိုင်ငံတော်အရေးပေါ်အခြေအနေကို ရက်သတ္တ ၂ပတ်ကြာ ထုတ်ပြန်ကြေညာလိုက်ပြီး၊ အစိုးရအဖွဲ့ အစည်းအဝေးတစ်ခုကိုလည်း ယနေ့တွင် ခေါ်ယူမည်ဟု လက်ဘနွန်သမ္မတကပြောကြားသည်။

Credit

#popolay #popolaytv #news #လက်ဘနွန် #ပေါက်ကွဲမှု


05 Aug 2020     1,313 Views




RELATED

Most Popular of International News

Most Popular of NEWS