BEC-TERO TV

ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်သည့် မဲဆန္ဒနယ်များကို အောက်တိုဘာလအတွင်း ထုတ်ပြန်မည်

03 Sep 2020     1,302 Views


ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်တဲ့ မဲဆန္ဒနယ်တွေကို လာမယ့်အောက်တိုဘာလအတွင်း ထုတ်ပြန်ကြေညာသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားတာပါ။

လက်ရှိမှာ ရခိုင်ပြည်နယ်အပါအဝင် ဒေသတချို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု နှုန်းမြင့်မားနေတာကြောင့် အထွေထွေရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက် အခက်အခဲတစ်ခုလို ဖြစ်နေပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲ ပြုလုပ်နိုင်တဲ့နေရာတွေမှာ ကျင်းပသွားမှာဖြစ်ပြီး မပြုလုပ်နိုင်တဲ့နေရာတွေကိုတော့ လာမယ့် အောက်တိုဘာလအတွင်း ထုတ်ပြန်ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့စီစဉ်နေပေမဲ့ တစ်ဘက်ကလည်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူ အရေအတွက်ဟာ နေ့စဉ်မြင့်တက်နေပြီး စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီအထိ မြန်မာတစ်နိုင်ငံလုံးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀၅၈ ဦးအထိရှိလာတာပါ။ ဒီအခြေအနေအတွင်းမှာ ကျင်းပရမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း မဲရုံတွေ တိုးချဲ့တာအပါအဝင် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ ၊ တိုင်းဒေသကြီးနဲ့ပြည်နယ် မဲဆန္ဒနနယ် ၆၄၄၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်တို့မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီအသီးသီးနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်စုစုပေါင်း ၆၉၆၉ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။

ဖြိုးသက်ပိုင်မြင့် / ဒီဗွီဘီ

#popolay #popolaytv #news #ရွေးကောက်ပွဲ #ကိုဗစ်


03 Sep 2020     1,302 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS