BEC-TERO TV

အိန္ဒိယနိုင်ငံသို့ COVID - 19 ရောဂါကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ရုရှားနိုင်ငံ ရောင်းချမည်

18 Sep 2020     1,323 Views


အိန္ဒိယဆေးဝါးကုမ္ပဏီ Dr Reddy’s Laboratories သို့ Sputnik V (COVID - 19 ရောဂါ ကာကွယ်ဆေးအလုံးရေ) သန်း ၁၀၀ ရောင်းချရန် သဘောတူခဲ့ကြောင်း ရုရှားနိုင်ငံ၏ ဗိုင်းရပ်စ် ကာကွယ်ဆေးစီမံကိန်းကို ငွေကြေး မတည်သည့် Sovereign Wealth Fund က ပြောကြားလိုက်သည်။

ရုရှားနိုင်ငံက ပြည်ပသို့ Sputnik V ဗိုင်းရပ်စ် ကာကွယ်ဆေး ဖြန့်ဖြူးရေးစီမံချက်များ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ ရုရှား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) က ရုရှားနိုင်ငံမှ ရေနံနှင့်လက်နက်များ အဓိကဝယ်ယူသည့် အိန္ဒိယနိုင်ငံ၌ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀၀ ထုတ်လုပ်ရန် အိန္ဒိယဆေးဝါးကုမ္ပဏီ များနှင့် သဘောတူညီမှုများရရှိပြီးနောက် ယခုသဘော တူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ ထိပ်တန်း ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် Dr Reddy’s Laboratories အနေဖြင့် အိန္ဒိယနိုင်ငံ၌ ဗိုင်းရပ်စ်ကာကွယ်ဆေး အဆင့် (၃) လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း RDIF က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံရှိ အာဏာပိုင်များ၏ စမ်းသပ်မှုများနှင့် မှတ်ပုံတင်ခြင်းတို့ ပြီးစီးမှသာ အိန္ဒိယနိုင်ငံသို့ ဗိုင်းရပ်စ် ကာကွယ်ဆေးများပေးပို့မှုကို ယခုနှစ်ကုန်တွင် စတင်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ရုရှားနိုင်ငံသည် အဆင့်(၃) လက်တွေ့စမ်းသပ်မှုများ မပြီးစီးမီ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ခွင့်ရသည့် ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော် သိပ္ပံပညာ ရှင်များ၊ ဆရာဝန်များက ရုရှားနိုင်ငံလုပ် Sputnik V ဗိုင်းရပ်စ်ကာကွယ်ဆေး၏ ဘေးအန္တရာယ်ကင်းမှု၊ ထိရောက်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေကြသည်။

Sputnik V ဗိုင်းရပ်စ်ကာကွယ်ဆေး အဆင့် (၁) နှင့် အဆင့် (၂) စမ်းသပ်မှုရလဒ်များက အလားအလာကောင်းများ ပြသခဲ့ကြောင်း Dr Reddy’s Laboratories ၏ ပူးတွဲ ဥက္ကဋ္ဌ ဂျီဗွီပရာဆတ်အား ကိုးကား၍ RDIF က ထုတ်ပြန်ချက်အတွင်း ပြောကြားခဲ့သည်။

Credit: #Popolay #Popolaytv #COVID_19 #Sputnik_V #India


18 Sep 2020     1,323 Views




RELATED

Most Popular of International News

Most Popular of NEWS