BEC-TERO TV

COVID-19ကာကွယ်ထိန်းချုပ်ရေးသီးသန့်သုံးရန် ကျပ်ဘီလီယံ တစ်ထောင်ကျော်သုံးမည်

22 Sep 2020     1,267 Views


COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ သီးသန့်အသုံးပြုဖို့အတွက် ကျပ်ဘီလီယံတစ်ထောင် ကျော်သတ်မှတ်ထားတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ စက်တင်ဘာ(၂၁)ရက်က ပြောကြားတဲ့ နိုင်ငံအတွင်းCOVID-19ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့စပ်လျဉ်းပြီး ပြည်သူတွေကို အစီရင်ခံတင်ပြတဲ့မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားလိုက်တာပါ။

အထွေထွေပိုလျှံငွေထဲက ကျပ်ဘီလီယံတစ်ထောင်ကို COVID-19ရောဂါအတွက် သီးသန့်သုံးဖို့ ရွှေ့ပြောင်းလိုက်တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “ဘဏ္ဍာရေးဝန်ကြီးဌာနကနေပြီးတော့ အထွေထွေပိုလျှံငွေ ဘီလီယံ(၁၀၀၀)ကျော်၊ တစ်ဘီလီယံဆိုတာ သန်း(၁၀၀၀)ဆိုကတော့ ကျွန်မတို့ပြည်သူတွေ သိပြီးသားပဲကျွန်မတို့ထင်ပါတယ်။ ဘီလီယံတစ်ထောင်ကျော်ကို ကျွန်မတို့အနေနဲ့ သဘာဝဘေးအန္တရာယ်အတွက်ဆိုပြီး ကျွန်မတို့သတ်မှတ်လိုက်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတော့ ကိုဗစ်နဲ့ဆိုင်ပါတယ်။

ဒိလိုသတ်မှတ်ထားတဲ့ငွေဟာ ကိုဗစ်ရောဂါအတွက်သုံးဖို့ပါ။ တခြားသဘာဝဘေးအန္တရာယ်အတွက် သုံးဖို့မဟုတ်ပါဘူး။ တခြားသဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်ရင် အဲ့ဒီရန်ပုံငွေထဲမှာ သပ်သပ်ရှိပါတယ်။ အခုဘီလီဘံတစ်ထောင်ကျော် ရွှေ့ပြောင်းလိုက်တယ်ဆိုတာ ကျွန်မတို့ကိုဗစ်နဲ့ပတ်သက်တဲ့ အကျိုးဆက်တွေအတွက် ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေအတွက် သုံးဖို့ဖြစ်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

လက်ရှိမှာ COVID-19ရောဂါကိုကာကွယ်နိုင်မယ့်ဆေးတွေ၊ ကုသနိုင်မယ့်ဆေးတွေကို ထုတ်လုပ်နေတဲ့ နိုင်ငံတွေရှိနေပြီး ဆေးပေါ်လာရင်မြန်မာနိုင်ငံအနေနဲ့ အချိန်နဲ့တပြေးညီရအောင်အောင်ကြိုးစားနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “ဒီလိုဆေးတွေပေါ်လာရင် အချိန်နဲ့တစ်ပြေးညီ ကျွန်မတို့ နိုင်ငံကိုမြန်နိုင်သမျှမြန်မြန်ရောက်အောင်ဆိုပြီး ကျွန်မတို့ဘက်က အခုကတည်းကစီစဉ်နေပါတယ်။

ဥပမာဆိုရင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွေကနေပြီးတော့ ဒီလိုဆေးတွေ ထုတ်နေတဲ့နိုင်ငံတွေက သံတမန်တွေနဲ့ချိတ်ပြီးတော့ ဘယ်လောက်ကျွန်မတို့အနေနဲ့မြန်မြန်ရနိင်ဖို့ ရှိသလဲ။ အကယ်၍ဒီဆေးတွေက အောင်မြင်တယ်ဆိုရင် ဆေးတွေက သုံးသင့်မသုံးသင့်ဆိုတာ ကမ္ဘာ့ကျန်းမာရေးဌာနက ကြည့်ပြီးစမ်းသပ်ပြီးမှ ဆုံးဖြတ်မှာဖြစ်ပါတယ်။

ကျွန်မတို့လည်း မသေချာဘဲနဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေအပေါ်မှာ ဒီဆေးတွေကို မသုံးပါဘူး”လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ အခုချိန်မှာ အဓိကအနေနဲ့ ရန်ကုန်တိုင်းမှာ ကိုဗစ်ရောဂါပြန့်ပွားမှုထိန်းချုပ်နိုင်ဖို့ကို အာရုံစိုက်ရမှာဖြစ်ပြီး ရန်ကုန်က ပြည်သူတွေတစ်ယောက်ချင်းစီက ကိုယ့်ရဲ့ကျန်းမာရေးကို အားစိုက်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

One


22 Sep 2020     1,267 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS