BEC-TERO TV

မဲလ်ဘုန်းမြို့မှာ လော့ဒေါင်းကန့်သတ်ချက်တွေ ပြန်လျော့ပေး

28 Sep 2020     1,750 Views


သြစတေးလျရဲ့ ဒုတိယ အကြီးဆုံမြို့ မဲလ်ဘုန်းမှာ ပြီးခဲ့တဲ့လက ချမှတ်ထားတဲ့ လော့ဒေါင်း ကန့်သတ်ချက်တွေကို ဒီနေ့-တနင်္ဂနွေမှာ စတင် ဖြေလျောပေးလိုက်ပါတယ်။ ဒါကြောင့် ဒီလကုန်တာနဲ့ ကလေးတွေကျောင်းပြန်တက်တာ၊ အလုပ်သမား တသိန်းကျော် လုပ်ငန်းခွင်ပြန်ဝင်တာကို စတင်နိုင်တော့မှာဖြစ်ပါတယ်။

ဗိုင်းရပ်ကူးစက်မှုများလာတဲ့အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့မှာ မဲလ်ဘုန်းဒေသကို အဆင့် ၄ အဖြင့်သတ်မှတ်ပြီး ကျောင်းတွေကိုပိတ်၊ စီးပွားရေးလုပ်ငန်းတွေကိုပိတ်၊ ညမထွက်ရ အမိန့်တွေ ထုတ်ပြန်ခဲ့ရာကနေ အခုလို ပြန်လျော့ပေးလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း နေ့စဉ် ပိုးတွေ့လူနာ ၅၀ ကနေ ၃၀ အတွင်းသာရှိတဲ့အတွက် အခုလို ကန့်သတ်ချက်တွေ လျော့ချပေးလိုက်တာဖြစ်ပြီး စနေနေ့က ၁၂ ဦး၊ တနင်္ဂနွေမှာ ၁၆ ဦးသာတွေ့တယ်လို့ဆိုပါတယ်။

ညမထွက်ရအမိန့်ကိုလည်း တနင်္ဂနွေညမှာ ရုတ်သိမ်းပေးမှာဖြစ်ပေမယ့် လူတွေကတော့ မိမိနေအိမ်ကနေ ၅ ကီလိုထက်ကျော်ပြီး သွားခွင့်မရှိသေးဘူးလို့ဆိုပါတယ်။ လူ ၅ ဦးထက် ပိုစုခွင့်ပေးလိုက်ပြီဖြစ်ပေမယ့် မိသားစု ၂ စုထက်တော့ ပိုစုဝေးခွင့်မပေးသေးဘူးလို့ သိရပါတယ်။ တကယ်လို့ စည်းကမ်းချက်တွေကို ချိုးဖောက်မယ်ဆိုရင်တော့ သြစီဒေါ်လာ ၅၀၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၃၅၀၀ ဒဏ်ရိုက်ခံရမှာဖြစ်တယ်လို့ ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် Daniel Andrews ကပြောပါတယ်။

တကယ်လို့ ပိုးတွေ့လူနာ တရက်ကို ၅ ဦးအောက် ကျဆင်းသွားမယ်ဆိုရင်တော့ အောက်တိုဘာ ၁၉ မှာ နောက်ထပ် လျော့ပေ့ါမှုတွေထပ်လုပ်ပေးမယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။ ဒါပေမယ့် နှာခေါင်းစည်းကိုတော့ မပျက်မကွက် ဆက်တပ်ထားရမှာဖြစ်ပါတယ်။ ဗစ်တိုးရီးယားမှာ အခုလောလောဆယ် ပိုးတွေ့လူနာ ၃၉၉ ဦးရှိနေပြီး ဒါဟာ ဇွန်လ ၃၀ ရက်နောက်ပိုင်း ပထမ ဆုံးအကြိမ် ၄၀၀ အောက် ကျလာတာဖြစ်တယ်လို့ သိရပါတယ်။. ။

Source: AP (One)


28 Sep 2020     1,750 Views




RELATED

Most Popular of International News

Most Popular of NEWS