BEC-TERO TV

ဆင်းရဲသားနိုင်ငံတွေဆီက အ ကြွေးတောင်းခံမှု ဆိုင်းငံ့ဖို့ G20 ဆုံးဖြတ်

15 Oct 2020     1,314 Views


ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ ပါဝင်တဲ့ G-20 အဖွဲ့က ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတွေ ပေးဆပ်ဖို့ရှိတဲ့ ကြွေးမြီတွေကို မယူ သေးဘဲ နောက်ထပ် ၆ လ ရပ်ဆိုင်းထားဖို့ သဘောတူလိုက်ပါတယ်။ အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံ တန်ဖိုးရှိတဲ့ ကြွေးမြီ ပေးဆပ်မှုတွေကို အရင် သဘောတူညီချက်အရ ခြောက်လကြာ ရပ်ဆိုင်း ပေးထားခဲ့ကာလက ဒီနှစ်ကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ G-20 အဖွဲ့က အခုလို ကြေညာလိုက်တာကြောင့် ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတွေ အနေနဲ့ ၂၀၂၁ ခုနှစ် ဇွန်လအထိ ကြွေးမြီတွေ ပြန်ဆပ်စရာ လိုအပ်တော့မှာ မဟုတ်ပါဘူး။ အခု သဘောတူညီချက် မူဘောင်ကို နောက်လမှာ ကျင်းပမယ့် G-20 ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ အပြီးသတ်မယ်လို့ ခန့်မှန်းရပါတယ်။ အခုလို ရက်ရွှေ့ဆိုင်းပေးတာက ဆင်းရဲတဲ့နိုင်ငံတွေအတွက် ယာယီ သက်သာရာ ရစေမှာ ဖြစ်ပေမယ့်လို့ ကြွေးမြီတွေ လျှော့ချ ပေးတာ မဟုတ်လို့ အချိန်နောက်ဆုတ်ပေးရုံနဲ့ မလုံလောက်သေးဘူးလို့ ကမ္ဘာ့ဘဏ် ဥက္ကဌ David Malpass က ပြောပါတယ်။

လက်ရှိ စီးပွားရေး အကျပ်အတည်းက ကမ္ဘာ့ လူဦးရေ သန်း ၁၅၀ ကို ၂၀၂၁ ခုနှစ်အရောက်မှာ အလွန်တရာ ဆင်းရဲနွမ်းပါးတဲ့ အဆင့် ကို ရောက်ရှိသွားစေနိုင်တာ ဖြစ်လို့ ကစင့်ကလျား ဖြစ်သွားနိုင်တဲ့ အခြေအနေကို ကာကွယ်ဖို့အရေး ကြွေးမြီ လျှော့ချရေး ထိထိ ရောက်ရောက် ဆောင်ရွက်သင့်တယ်လို့ Malpass က ပြောပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့ စီးပွားရေးကျဆင်းမှုက အရင်က စိုးရိမ်မိသလောက် ထိခိုက်မှု မရှိကြောင်း၊ ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တော့ အဆင်းရဲဆုံးလူတွေအတွက် စီးပွားပျက်ကပ်ဆိုက်နေတာ ဖြစ်ကြောင်း၊ ဒါကြောင့် တိုးတက်မှုတွေ အလျင်အမြန် ရရှိအောင် ချက်ချင်း အရေးယူ ဆောင်ရွက်ဖို့ လိုကြောင်းလည်း ကမ္ဘာ့ဘဏ် ဥက္ကဌ Malpass က ပြောပါတယ်။

VOA


15 Oct 2020     1,314 Views




RELATED

Most Popular of International News

Most Popular of NEWS