BEC-TERO TV

ရုရှားနှင့် အမေရိကန်အာကာသယာဉ်မှူး ၃-ဦး နိုင်ငံတကာ အာကာသစခန်း ရောက်ရှိ

15 Oct 2020     1,350 Views


အမေရိကန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ နာဆာက Kate Rubins နဲ့ ရုရှားအာကာသအေဂျင်စီ Roscosmos က Sergey Ryzhikov နဲ့ Sergey Kud-Sverchkov တို့ဟာ ကာဇတ်စတန်စခန်းကနေ ဒုံးပျံနဲ့ ဗုဒ္ဓဟူးနေ့မနက်မှာ တက်သွားပြီး နိုင်ငံတကာအာကာသစခန်းမှာ ၆-လ တာဝန်ထမ်းဆောင်မှာပါ။ အာကာသယာဉ်မှူးတွေဟာ ဒုံးပျံနဲ့ တက်သွားပြီး ၃-နာရီကျော်အကြာမှာ အာကာသစခန်းကို ဆိုက်ရောက်ပါတယ်။ အရင်ကဆိုရင် ဒီ့ထက်နှစ်ဆ ကြာပါတယ်။

အာကာသစခန်းမှာ နာဆာက Chris Cassidy နဲ့ ရုရှားက Anatoly Ivanishin နဲ့ Ivan Vagner တို့က ဧပြီကတည်းက ရောက်ရှိနေတာဖြစ်ပြီး ဒီတပတ်အတွင်း ကမ္ဘာမြေကို ပြန်ဆင်းလာမှာပါ။ အခုရောက်သွားတဲ့ အာကာသယာဉ်မှူး ၃-ဦးကို ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ရေးအတွက် မော်စကိုမြို့ပြင် Star City လေ့ကျင့်ရေးစခန်းမှာ ရက်သတ္တနှစ်ပတ်၊ ကာဇတ်စတန်က Baikonur စခန်းမှာ ၁၇-ရက် တင်းတင်းကျပ်ကျပ် ကွာရန်တင်း စခန်းသွင်းပြီး ဆေးစစ်ခဲ့ပါတယ်။

အာကာသစခန်းမှာ ဇီဝဗေဒ မျိုးရိုးဗီဇ သုတေသနလုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့ Kate Rubins က ပြောပါတယ်။ Ryzhikovကတော့ ရုရှားဘက်ခြမ်းရှိ အာကာသစခန်းမှာ အောက်စီဂျင်ယိုစိမ့်တဲ့နေရာ အတိအကျ သိရအောင် ရှာဖွေမယ်လို့ ဆိုပါတယ်။ ဖြည်းဖြည်းချင်း ယိုစိမ့်နေတာဖြစ်လို့ လောလောဆယ်တော့ အန္တရာယ်မရှိဘူးလို့လဲ ဆိုပါတယ်။

Source : AP One


15 Oct 2020     1,350 Views




RELATED

Most Popular of International News

Most Popular of NEWS