BEC-TERO TV

နောက်နောင်ထပ်မဖြစ်စေဖို့ ကတိပြုရင်း ပြန်လည်တောင်းပန်လိုက်တဲ့ Project K အဖွဲ့

15 Oct 2020     1,293 Views


အောက်တိုဘာလ ၁၀ ရက်နေ့ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ပါဝင်ဖျော်ဖြေခဲ့တဲ့ Project K အဖွဲ့အနေနဲ့ ရွှေတိဂုံစေတီတော်ပုံရိပ်ကို နင်းပြီးဖျော်ဖြေခဲ့သည်ဆိုတဲ့ ကိစ္စရပ်များနဲ့ပတ်သက်ပြီး နောင်နောင်ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေဖို့ ကတိပြုရင်း ပြန်လည်တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

"နိုင်ငံတကာ၏ ခေတ်ပြိုင်အနုပညာ လှုပ်ရှားမှုများထဲမှ ရိုးရာနှင့်ခေတ်သစ်ကို ပေါင်းစပ်သည့် အနုပညာပုံစံသစ်ကို စိတ်ဝင်စားသည့် ကျွန်တော်တို့ မြန်မာလူငယ်များသည် Project K အဖွဲ့ကို အဖွဲ့ဝင်(၇)ဦးဖြင့် ၂၀၁၆ ခုနှစ်မှ စတင်၍ စတင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၂၀ခုနှစ် အောက်တိုဘာလတွင် ကိုရီးယားသမ္မတနိုင်ငံ၌ကျင်းပမည့် အာရှသီချင်းများ ဖျော်ဖြေရေးပွဲတော် (Asia Song Festival)တွင် ကျွန်တော်တို့ Project K အဖွဲ့ ဖျော်ဖြေခွင့်ကို တရားဝင်ဖိတ်ကြားခြင်း ခံခဲ့ရပါသည်။

ကျွန်တော်တို့ Project K အဖွဲ့သည် အောက်တိုဘာလ (၁၀)ရက် ကိုရီးယားစံတော်ချိန် ည ၈:၀၀ နာရီ (မြန်မာစံတော်ချိန် ညနေ ၅:၃၀ နာရီ) အချိန်၌ ကိုရီးယားနိုင်ငံတွင်ကျင်းပသည့် Asia Song Festival 2020 ပွဲတွင် ဖျော်ဖြေတင်ဆက်ခွင့်ရခဲ့ပါသည်။ဖျော်ဖြေတင်ဆက်သည့် အဖွဲ့များ၏ နိုင်ငံများပုံရိပ်များကို LED Display Board ဖြင့် ကိုရီးယားသမ္မတနိုင်ငံ ပွဲစီစဉ်သူများက စီစဉ်ပေးခဲ့သည်။ ထိုသို့ ဖျော်ဖြေတင်ဆက်ခဲ့ရာ၌ ကိုရီးယားသမ္မတနိုင်ငံရှိ ပွဲစီစဉ်သူများက မြန်မာနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ်သင်္ကေတ (National Landmark) ဖြစ်သည့် “ရွှေတိဂုံ” စေတီတော်မြတ်ကြီး၏ပုံရိပ်များနှင့် အခြားပုံရိပ်များကို LED Display Board ၌ထည့်သွင်းရန် စီစဉ်ပေးခဲ့ပါသည်။

ဖျော်ဖြေပွဲကျင်းပမည့်နေ့ နေ့ခင်းပိုင်းတွင် Rehearsal အစမ်းလေ့ကျင့်မှု ၂ကြိမ် ပြုလုပ်ရပါသည်။ပထမအကြိမ် လေ့ကျင့်စဉ် LED ပုံရိပ်များမပါဝင်ပါ။ဒုတိယအကြိမ်လေ့ကျင့်ဖျော်ဖြေစဉ်တွင် LED ပုံရိပ်များပါလာပါသည်။သို့ရာတွင် ကပြနေစဉ်အတွင်း နေ့ခင်းအလင်းရောင်ဖြင့် မမြင်ရခြင်း၊ဇာတ်ခုံ၏ ဧရိယာမှာ ကျယ်ပြန့်လွန်းခြင်း၊ပြသမှုပုံရိပ်အားလုံးကို ပြည့်စုံစွာခြုံငုံ၍ မြင်ရသည် မဟုတ်ခြင်းတို့ကြောင့် ပုံရိပ်များကို သဲသဲကွဲကွဲပြတ်ပြတ်သားသား မြင်ရခြင်းမရှိခဲ့ပါ။ အောက်တိုဘာလ(၁၀)ရက် ညပွဲကပြနေစဉ်အတွင်း မြင်တွေ့ခဲ့ရသည်မှာလည်း တင်ဆက်မှုကိုသာအာရုံစူးစိုက်ရင်းဖြင့် လျှပ်တပြတ် မြင်တွေ့ရခြင်းမျိုးသာဖြစ်ပြီး ပွဲကပြပြီး Video ပြန်ကြည့်သည့်အခါတွင်မှ ကြမ်းပြင်ပုံရိပ်၌ ရွှေတိဂုံစေတီတော်ပုံရိပ်ပေါ်နေသည်ကို တွေ့မြင်ခဲ့မိပါသည်။

ထို့ကြောင့် ပွဲစီစဉ်သူထံအကြောင်းကြားခဲ့ရာ ၎င်းတိုက လွဲချော်ခဲ့သည့် video ကိုဖြုတ်ချကာ အသစ်ပြန်လည် ပြင်ဆင်ပေးခဲ့ပါသည်။ ဖြစ်စဉ်တစ်ခုလုံးသည် ပွဲစီစဉ်သူများက မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံအများ ပိုမိုသိရှိစေရန် စေတနာဖြင့် ပံ့ပိုးရာတွင် ကျွန်တော်တို့အကအဖွဲ့နှင့်ပွဲစီစဉ်သူတို့အကြား အပြန်အလှန်နားလည်မှုနှင့် နည်းပညာအသုံးချမှု အချိတ်အဆက်လွဲချော်ရာမှ ကြိုတင်ကြံစည်ခြင်းမရှိသည့် လွဲမှားမှုပေါ်ပေါက်ခဲ့ခြင်းအတွက် ကျွန်တော်တို့ Project K အဖွဲ့ အနေနဲ့ စိတ်နှလုံး မချမ်းမြေ့စွာခံစားနေကြရပါသည်။

ကျွန်တော်တို့သည် မြန်မာနိုင်ငံသားအများစုက သက်ဝင်ယုံကြည်သော ဗုဒ္ဓဘာသာ အပေါ်တွင်လည်းကောင်း ဗုဒ္ဓဘာသာနှင့်ဆက်နွယ်သည့် သာသနိက အဆောက်အအုံ ဘုရားကျောင်းကန် စေတီပုထိုးများအပေါ်တွင်လည်းကောင်း အစဉ်ထာဝရ ဂါဝရထားလျက်ရှိသည့် ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြစ်ကြပါသည်။မိမိတို့နိုင်ငံ၏ ပုံရိပ်နှင့် အမျိုးဘာသာသာသနာအပေါ်တွင် ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပါကြောင်းကို ဗုဒ္ဓဘာသာဝင် မိသားစုများမှ မွေးဖွားခဲ့သည့် ကျွန်တော်တို့ Project K အဖွဲ့အနေဖြင့် ရိုးသားစွာ လေးမြတ်ရိုကျိုးစွာ ဂါရဝပြု တောင်းပန်အပ်ပါသည်။

ကျွန်တော်တို့အနေဖြင့် ယခုပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရသော နည်းပညာတိုးတတ်မှုမှတစ်ဆင့် ဖြစ်ခဲ့သည့် စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာဖြစ်ရပ်များကို သင်ခန်းစာယူ၍ နောက်နောင်တွင် ယခုကဲ့သို့ ထပ်မံမဖြစ်စေဖို့ ကတိကဝတ်ပြုပါကြောင်း ဤတောင်းပန်လွှာနှင့်အတူ လေးစားစွာ ပန်ကြားအပ်ပါသည်"

Source_ProjectK

#project #celebrity #Popolay


15 Oct 2020     1,293 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS