BEC-TERO TV

စစ်ကိုင်းတိုင်းအတွင်း ရန်ကုန်ပြန် (၇) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

23 Oct 2020     1,321 Views


စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်(၂)မြို့နယ်မှာ အောက်တိုဘာလ(၂၂)ရက် မနက်ပိုင်း ကိုဗစ်-၁၉ အတည်ပြု လူနာ(၇)ဦး ထပ်မံတွေ့ရှိရတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ ကိုဗစ်-၁၉ အတည်ပြုလူနာ(၇)ဦးဟာ ဒီပဲယင်းမြို့နယ်က (၂)ဦးနဲ့ တန့်ဆည်မြို့နယ်က (၅)ဦးတို့ ဖြစ်ပါတယ်။

ဒီပဲယင်းမြို့နယ်က အတည်ပြုလူနာ(၂)ဦးကတော့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်က စက်ရုံတစ်ရုံမှာ အလုပ်လုပ်ကိုင်ပြီး ပြန်လာကြတဲ့ အသက်(၂၀)နဲ့ (၂၂)အရွယ် အမျိုးသမီးငယ်တွေ ဖြစ်ပြီး သက်ဆိုင်ရာကျေးရွာတွေမှာ အသွားအလာကန့်သတ်ထားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

"သူတို့က ရန်ကုန်ကနေ ကားစင်းလုံးငှားယာဉ် ၃ စီးနဲ့ပြန်လာတာ။ မိထ္ထလာတိုးဂိတ်ကိုရောက်တဲ့အချိန်မှာ ဆက်ပြီး ခရီးသွားခွင့်မပေးတဲ့အတွက် အဲမှာသောင်တင်နေတာ ။အောက်တိုဘာလ ၁၂ ရက်နေ့မှာ မြို့နယ်ကနေ ကားနဲ့သွားခေါ်တယ်။၁၂ ရက်နေ့ မနက် ၅ နာရီမှာလောက်ရောက်တော့ လှိုင်သာယာကနေပြန်သူ ၁၅ ဦးကို သက်ဆိုင်ရာကျေးရွာမှာ အသွားအလာကန့်သတ်ထားတယ်။ သွားခေါ်တဲ့နှစ်ယောက်ကိုလည်း သူ့ရဲ့ရွာမှာ အသွားအလာကန့်သတ်ထားတယ်။

Task Keitနဲ့စစ်တော့ သူတို့နှစ်ယောက်က Negativeဖြစ်တော့ နေအိမ်မှာ Home Quarantine ဝင်ခိုင်းထားတယ်။ ကျန်တဲ့သူတွေကတော့ တချို့က Swabယူစစ်ပြီး။ Swab ယူ စစ်ဆေး နေဆဲဖြစ်တယ်။ အဲထဲက နှစ်ယောက်ရောဂါပိုးတွေ့တာ။ ကျန်းမာရေးကတော့ ကောင်းပါတယ်"လို့ ဒီပဲယင်းမြို့နယ် အုပ်ချုပ်ရေးမှုးဦးနိုင်လင်းထက်က ပြောပါတယ်။ အတည်ပြုလူနာနှစ်ဦးကတော့ ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာမှာ ဒီပဲယင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ ထားရှိကုသပေမှာ ဖြစ်တယ်လို့ သိရပါတယ်။

တန့်ဆည်မြို့နယ်က ပိုးတွေ့လူနာ(၅)ဦးကတော့ ရန်ကုန်တိုင်းဒေသကြီးက ပြန်လာသူတွေဖြစ်ပြီး သက်ဆိုင်ရာကျေးရွာတွေမှာ အသွားအလာကန့်သတ်ထားစဉ် ဓါတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ "သူတို့က ရန်ကုန်ကနေ ပြန်လာတဲ့အဖွဲ့တွေပါ။

သက်ဆိုင်ရာကျေးရွာမှာတော့ အသွားအလာ ကန့်သတ် ထားတာပါ။ ကျန်းမာရေးကတော့ ကောင်းပါတယ်"လို့ တန့်ဆည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းက ပြောပါတယ်။ တန့်ဆည်မြို့နယ်က ပိုးတွေ့လူနာ(၅)ဦးကတော့ တုတ္တလုပ်(မ) ကျေးရွာက အသက်(၃၅) နှစ်အရွယ်၊ အသက် (၂၉) နှစ်အရွယ်နဲ့ အသက်(၂၂)နှစ်အရွယ် အမျိုးသမီး (၃)ဦး၊ ညောင်ဇီးကုန်းကျေးရွာက အသက်(၂၁) နှစ်အရွယ်နဲ့ (၂၂)နှစ်အရွယ် အမျိုးသမီး(၂) ဦးတို့ ဖြစ်ပြီး တန့်ဆည်မြို့နယ်၊ ပြည်သူ့ဆေးရုံမှာ သီးခြားထားရှိ စောင့်ကြည့် ကုသပေးသွားမယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထဲက (၂၅)မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ(၂၈၂)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၂၀၈)ဦးရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း- သူရိယထက် One News


23 Oct 2020     1,321 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS