BEC-TERO TV

ထိုင်း ပါလီမန် အထူးအစည်းအဝေးမတိုင်မီ ဆန္ဒပြ

25 Oct 2020     1,396 Views


ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက အစိုးရကို ဖိအားပေးတဲ့အနေနဲ့ ယနေ့စတင်မယ့် ပါလီမန် အထူးအစည်းအဝေးမတိုင်မီ တနင်္ဂနွေနေ့မှာ ပြန်လည်စုရုံး  ဆန္ဒပြကြပါတယ်။

စနေ တနင်္ဂနွေ လူစည်ကားတဲ့ ဘန်ကောက်မြို့တော် ဈေးဝယ်စင်တာတွေရှိရာ  Rajprasong လမ်းဆုံ ဆန္ဒပြနေကျ နေရာမှာပဲ ဆက်ပြီးဆန္ဒပြကြတာပါ။

ရာထူးကထွက်ဖို့ ဆန္ဒပြသူတွေ တောင်းဆိုထားတာကို ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လျစ်လျူရှုလိုက်လို့ ခုလို ဆန္ဒပြဖို့ စနေညမှာ စည်းရုံးလှုံ့ဆော်ထားတာပါ။

ဆန္ဒပြသူတွေ အဓိကတောင်းဆိုထားတာက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဘုရင်စနစ်  ပြုပြင်ပြောင်းရေးပါ။

တော်ဝင်မိသားစုကို အလေးအမြတ်ထားတဲ့ ထိုင်းမှာ ဘုရင်စနစ်ကို ဝေဖန်လာတာဟာ မကြုံစဖူးဖြစ်ရပ်ပါပဲ။

ပရာရွတ်ချန်အိုချာဟာ ၂၀၁၄ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး စစ်တပ်အလိုကျ ဥပဒေပြင်ဆင်တဲ့နည်းနဲ့ မနှစ်ရွေးကောက်ပွဲမှာ မတရား အာဏာရယူခဲ့တယ်လို့လဲ ဆန္ဒပြသူတွေက စွပ်စွဲထားပါတယ်။

စစ်အုပ်ချုပ်မှုကာလ ရေးဆွဲပြဌာန်းခဲ့တဲ့ ဒီအခြေခံဥပဒေဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ ဆန့်ကျင်တယ်လို့ ဝေဖန်ကြပါတယ်။

နေ့စဉ်နီးပါး ဆန္ဒပြနေတာကို လျော့ကျသွားအောင် ကြိုးစားဖို့အတွက် ပရာယွတ်အစိုးရဟာ ပါလီမန် အထူးအစည်းအဝေးကို တနလာၤနေ့မှာ ခေါ်လိုက်တာဖြစ်ပြီး နှစ်ရက်ကြာမှာပါ။

အငြင်းပွားမှုတွေကို ပါလီမန်မှာပဲ ဆွေးနွေးဖို့ ပရာယွတ်က အရင်ရက်သတ္တပတ်မှာ ပြောခဲ့ပါတယ်။ ဒီ့အရင်တပတ်မှာ သူထုတ်ခဲ့တဲ့ နိုင်ငံအရေးပေါ်အမိန့်ကိုလဲ ရုတ်သိမ်းလိုက်ပါတယ်။

ဒါဟာ မရိုးမသား ချွေးသိပ်တဲ့ လုပ်ရပ်ပဲလို့ ဆန္ဒပြသူတွေက ဝေဖန်ပါတယ်။

ပါလီမန်မှာ ဆွေးနွေးဖို့ အစိုးရဘက်က တင်ပြချက်တွေဟာ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေနဲ့ မပတ်သက်ဘဲ ဆန္ဒပြပွဲကို ပါးပါးလှပ်လှပ် ပုံဖျက်ဝေဖန်မှုတွေပဲလို့ လူမှုမီဒီယာပေါ်ကနေ ဆန္ဒပြသူတွေက  မှတ်ချက်ချလိုက်ပါတယ်။

ချီတက်ပွဲတွေကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာ၊ တော်ဝင်မိသားစုယာဉ်တန်းကို ဒီလဆန်းပိုင်း နှောင့်ယှက်ခဲ့မှု၊ တော်ဝင်မိသားစု မျက်နှာပျက်အောင် ဖျက်လိုဖျက်ဆီးလုပ်မှု စတာတွေကို အစိုးရက  အလေးထား တင်ပြထားတာပါ။

တနင်္လာနေ့မှာ မြို့စွန်ရှိ ဂျာမန်သံရုံးကို ချီတက်ဆန္ဒပြဖို့ စည်းရုံးနေကြပါတယ်။ အကြောင်းကတော့ ဘုရင် မဟာဝချီရာ‌လောင်ကွန်းဟာ ဂျမနီနိုင်ငံမှာ အနေများတာကြောင့် ပါ။

ဆန္ဒပြသူတွေရဲ့ ဝေဖန်ချက်တွေကြောင့် ဘုရင်စနစ်လိုလားတဲ့ ရှေးရိုးစွဲတွေက  စိတ်ဆိုးကြပါတယ်။

ကိုယ့်ကိုကိုယ် “ဘုရင်စနစ်ကာကွယ်သူများ” လို့ ဆိုသူတွေဟာ  အွန်လိုင်းကနေ  လှုံ့ဆော်စည်းရုံးကြသလို မြို့အတော်များများမှာလဲ ချီတက်ဆန္ဒပြရာမှာ  ဦးဆောင်သူ အများစုက အစိုးရဝန်ထမ်းတွေပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး ဘန်ကောက်မြို့မှာ ဘုရင်လိုလားသူ အုပ်စုလေးတခု ဆန္ဒပြရာမှာ ပါဝင်သူတချို့နဲ့ အစိုးရဆန့်ကျင်သူ ဆန္ဒပြကျောင်းသားတွေ ပဋိပက္ခဖြစ်ခဲ့ပါတယ်။

 

Source : AP

One News

 


25 Oct 2020     1,396 Views




RELATED

Most Popular of International News

Most Popular of NEWS