BEC-TERO TV

ရှမ်းပြည်နယ်တွင် သစ်တောနယ်မြေ စုစုပေါင်း ဧက တစ်သိန်းကိုးထောင်ကျော် တိုးချဲ့နိုင်

26 Oct 2020     1,378 Views


၂၀၁၆-၂၀၁၇ မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်တာကာလအတွင်း ရှမ်းပြည်နယ်တွင် သစ်တောနယ်မြေ စုစုပေါင်းဧက တစ်သိန်းကိုးထောင်ကျော် တိုးချဲ့နိုင်ခဲ့ပြီး ဒေသခံအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းကို ဧက (ငါးသောင်းသုံးထောင်)ကျော် တည်ထောင်နိုင်ခဲ့ကြောင်း သိရပါသည်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၏ ကမ္ဘာလုံးဆိုင်ရာ သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း(၅)နှစ် တစ်ကြိမ်ထုတ်ပြန်သည့် အစီရင်ခံစာအရ ရှမ်းပြည်နယ်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ပြည်နယ် ဧရိယာ၏ သစ်တောဖုံးလွှမ်းမှု ၃၈.၆၅% ရှိပြီး ၂၀၂၀ ခုနှစ် ထုတ်ပြန်ချက်တွင် ၄၈.၄၉% ထိ ပြန်လည်တိုးတက်လာကြောင်း ၊ လူထုအခြေပြု စောင့်ကြည့်သတင်းပို့စနစ်နှင့် တရားမဝင် သစ်ဖမ်းဆီး ရေးများကို ပိုမိုလုပ်ဆောင်လာနိုင်သည့်အတွက်ကြောင့် Forest Cover တိုးတက်လာတယ်လို့ သုံးသပ်မိပါကြောင်း၊ တရားမဝင်သစ်ထုတ်လုပ်မှုများကို အချိန်နှင့် တပြေးညီ တားဆီးကာကွယ်ခြင်း၊ ဖမ်းဆီး အရေးယူခြင်း ၊ ဆက်စပ်ဌာနများနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာသည့် သစ်တောဖုံးလွှမ်းမှုကို ရေရှည်တည်တံ့ရန် ထိန်းညှိဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်သစ်တောဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း က ပြောပါသည်။

Green Campaign အစီအစဉ်အရ လူထုများ ပျိုးပင်ဖြန့်ဝေခြင်းကို လက်ရှိအစိုးရ(၅)နှစ်တာ ကာလတွင် အပင်(၁၁၂)သိန်း ဖြန့်ဝေနိုင်ခဲ့ပါကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းကို နိုင်ငံပိုင်သစ်တောစိုက်ခင်း တည်ထောင်ခြင်း၊ ပုဂ္ဂလိက စိုက်ခင်းတည်ထောင်ခြင်း၊ သဘာဝတော တန်ဖိုးမြှင့်စိုက်ပျိုးခြင်း၊ သီးနှံ သစ်တောရောနှော စိုက်ပျိုးခြင်းများစသည့် အမျိုးအစား(၄)မျိုးဖြင့် တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ကြောင်း ရှမ်းပြည်နယ်သစ်တောဦးစီးဌာနထံမှ သိရပါသည်။

ရှမ်းပြည်နယ်သစ်တောဦးစီးဌာနအနေဖြင့် သစ်စေ့မြေလုံး (Seed Ball) ဆူးထိုးချစိုက်ပျိုးခြင်းကို ၂၀၂၀ မေလ (၁၇ ရက်မှ၂၅ ရက်)အထိ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ညောင်ရွှေ၊ တောင်ကြီး၊ ကလော၊ ဖယ်ခုံ၊ ပင်းတယမြို့နယ်တို့တွင် သစ်စေ့မြေလုံးပေါင်း(၁၇၀၀၀၀)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတွင် သစ်စေ့မြေလုံး ပေါင်း(၁၇၂၀၀)နှင့် သစ်စေ့မြေလုံး ကျဲချခြင်းကို ရဟတ်ယာဉ်အကူအညီဖြင့် အင်းလေးကန် ရေဝေရေလဲ ဧရိယာဖြစ်သည့် ညောင်ရွှေမြို့နယ်နှင့် လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ်တွင် သစ်စေ့မြေလုံးပေါင်း(၆)သိန်း ကျဲချစိုက်ပျိုးနိုင်ခဲ့ပြီး လက်ရှိတွင် သစ်စေ့မြေလုံးများ အမြင့်ဆုံး(၈)လက်မ အရွယ်ထိ အပင်ပေါက်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

MRTV


26 Oct 2020     1,378 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS