BEC-TERO TV

ယောမင်းကြီးကုသရေးစင်တာတွင် လှိုင်သာယာမြို့နယ်မှ အနံ့မရသူများနှင့် ရောဂါပိုးရှိသူနှင့် ဆက်စပ်သူတို့ကို ဦးစွာထားရှိမည်

04 Nov 2020     1,382 Views


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) ရွှေလင်ပန်းဈေးအနီးရှိ ယောမင်းကြီး အိမ်ရာအား ခုတင် ၁၀၀၀ ဆံ့ ကိုဗစ်-၁၉ ရောဂါ Positive လူနာများကုသရေး စင်တာအဖြစ် အောက်တိုဘာ တတိယပတ်မှစ၍ ပြင်ဆင်မှုအပိုင်းကို ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာပထမပတ်မှစ၍ လူနာများကို ကုသရာ၌ ကနဦးအနေဖြင့် လှိုင်သာယာမြို့နယ်တွင်ရှိသော အနံ့မရသူများနှင့် ရောဂါပိုးရှိသူများတို့နှင့် ဆက်စက်သူတို့ကို ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လှိုင်သာယာမြို့နယ်၌ အနံ့မရသူများကို အမှတ် ၁၄ ရပ်ကွက်ရှိ စက်မှုသိပ္ပံကျောင်းနှင့် မြို့နယ် သာသနာ့ဗိမ္မာန်တော်ကြီးတွင် ထားရှိပြီး ရောဂါပိုး ရှိသူတို့နှင့် ဆက်စပ်သူတို့ကို ညောင်ရွာနှင့် အမှတ်(၃) အထက်တန်းကျောင်းတို့တွင် ထားရှိသည်။ အဆိုပါ နေရာလေးနေရာမှ အနံ့ပျောက်သူ၊ ရောဂါပိုးရှိသူနှင့် ဆက်စပ်သူတို့ကို သတ်မှတ်လူဦးရေထက် ပိုလာပါက ရွှေလင်ပန်းရှိ ယောမင်းကြီး ကုသရေးစင်တာသို့ ရွေးကောက်ပွဲ မတိုင်မီထိ ထားရှိသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲပြီးပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ တိုင်းဒေသကြီးအတွင်းရှိ Positive လူနာများ ကုသမှုအပိုင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ယောမင်းကြီး ကုသရေးစင်တာကို သေသေချာချာ ပြင်ဆင်ထားပြီးတော့ တစ်ခန်းကို ခြောက်ဦး ထားမှာပါ။ အခန်းပေါင်း ၁၇၆ ခန်းရှိတယ်ဆိုတော့ ခုတင် ၁၀၀၀ ကျော် သွားတာပေါ့။ နိုဝင်ဘာ ၄ ရက်နေ့ကစပြီး ရွေးကောက်ပွဲမတိုင်မီထိ လှိုင်သာယာက အနံ့မရတဲ့သူတွေနဲ့ ပရိုင်မာရီကွန်တက် ရှိသူတွေကို ထားဖို့တင်ပြထားပြီးပါပြီ။ မြို့နယ်က အနံ့ပျောက်စင်တာနှစ်ခုမှာ မဆံ့တော့ဘူးဆိုရင် ယောမင်းကြီးကုသရေး စင်တာကိုပို့မှာပါ။

ရွေးကောက်ပွဲပြီးသွားလို့ တိုင်းဒေသကြီး အစိုးရရဲ့ လမ်းညွှန်မှု အတိုင်းမြို့နယ် အသီးသီးက Positive လူနာများကို ထားမှာပါ” ဟု လှိုင်သာယာမြို့နယ် ပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာခင်ရူပါစိုးက ပြောကြားသည်။ ယောမင်းကြီး ကုသရေးစင်တာတွင် လူနာများကို CCTV မှ ကြည့်ရှု၍ ကွန်ထရိုးပေးနိုင်ရန် စီမံဆောင်ရွက်ထားပြီး အောင်မြင့်မိုရ်ကုသရေး စင်တာနှင့် ရိုးမစင်တာကဲ့သို့ ကုသရေးစင်တာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထိုက် MDN


04 Nov 2020     1,382 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS