BEC-TERO TV

သင့်သွေးကြောကို သန့်စင်နိုင်သော အစားအစာများ

11 Jan 2021     1,467 Views


သွေးကြောအတွင်း နံရံထဲမှာ အခဲဖတ်တွေ စုဆောင်းမှုဖြစ်လာရင် သွေးကြောပိတ်ဆို့မှုတွေဖြစ်လာပြီး သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အခဲဖတ်တွေဟာ သွေးထဲမှာ လှည့်ပတ်နေတဲ့ပစ္စည်းတွေဖြစ်တဲ့ အဆီ၊ ကိုလက်စထရော၊ ကယ်လ်စီယမ်၊ အညစ်အကြေးနဲ့ ဖိုက်ဘရီယမ်တွေ စုစည်းပြီး အနည်ထိုင်နေတာပါ။
 
          သွေးကြောပိတ်ဆို့တာကြောင့် နှလုံးသွေးကြောရောဂါ၊ သွေးကြောရောဂါအမျိုးမျိုး၊ နှလုံးတိုက်ခိုက်ခံရတာနဲ့ လေဖြတ်ရောဂါတွေ ရရှိနိုင်ပါတယ်။ ဒါကြောင့် သွေးကြောတွေကျန်းမာပြီး ပိတ်ဆို့မှုမရှိဖို့က အလွန်အရေးကြီးပါတယ်။ အောက်ပါအစားအစာတွေက သွေးကြောသန့်စင်ပေးပြီး ပိတ်ဆို့မှုမဖြစ်အောင် ကူညီပေးနိုင်တဲ့ အစားအစာတွေပါ။
 

ကြက်သွန်ဖြူ

          ကြက်သွန်ဖြူက သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို ကျဆင်းစေနိုင်တာကြောင့် သွေးကြောကျန်းမာရေးအခြေအနေကောင်းမွန်နိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေမှာ နှလုံးသွေးကြောကျန်းမာရေးကို အလွန်အထောက်အကူပြုပါတယ်။
 

သလဲသီး

          ၂၀၁၅ ခုနှစ်အမျိုးသားသိပ္ပံအကယ်ဒမီရဲ့ လေ့လာမှုအရ သလဲသီးမှာ ပါဝင်တဲ့ အစွမ်းထက်လွန်းတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (အထူးသဖြင့် ဗီတာမင်စီနဲ့ ပေါ်လီဖီနော)က နိုက်ထရစ်အောက်ဆိုက်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့အတွက် ပိတ်ဆို့နေတဲ့ သွေးကြောတွေ ပွင့်သွားပြီး သွေးစီးဆင်းမှုကောင်းမွန်နိုင်တယ်လို့ သိရပါတယ်။
 
          သလဲသီးဖျော်ရည်လတ်လတ်ဆတ်ဆတ်ကို သောက်သုံးပါ။ ဒီဖျော်ရည်က တချို့ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုဖြစ်နိုင်တဲ့အတွက် ပုံမှန်ဆေးဝါးမှီဝဲနေရသူတွေအနေနဲ့ သူ့ကို မသောက်သုံးခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
 

ဆယ်လ်မွန်ငါး

          နှလုံးကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့ဆယ်လ်မွန်ငါးဟာ သွေးကြောထဲမှာ သွေးခဲဖတ်တွေ စုဆောင်းမှုမဖြစ်အောင် သွေးတွင်းကောင်းမွန်တဲ့ ကိုလက်စထရော (HDL) အဆင့်ကို မြင့်မားစေပြီး ထရိုင်ဂလစ်ဆရိုက်အဆင့်ကို လျော့ချပေးပါတယ်။ သွေးကြောထဲက ရောင်ရမ်းမှုဖြစ်စဉ်နဲ့ သွေးခဲမှုဖြစ်စဉ်ကိုလည်း လျှော့ချပေးပါတယ်။ တစ်ပါတ်ကို ဆယ်လ်မွန်ငါး ၂ - ၃ ကြိမ် ခန့်စားသုံးပါ။
 

နနွင်း

          နနွင်းက အစွမ်းထက်ရောင်ရမ်းမှုလျော့စေတဲ့ပစ္စည်းဖြစ်ပြီး သွေးကြောပိတ်ဆို့မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ၂၀၁၉ ခုနှစ် ပြင်သစ်နိုင်ငံမှ လေ့လာသူတွေက နနွင်းမှပါဝင်တဲ့ ကာကူမင်က သွေးထဲမှာ အဆီစုဆောင်းမှုကို ၂၆ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ သွေးတွင်းက Homocysteine အဆင့်ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ အဲဒီ Homocysteine တွေ များလွန်းရင် သွေးခဲဖတ်တွေ စုဆောင်းမှုဖြစ်လာပြီး သွေးကြောပျက်စီးနိုင်ပါတယ်။
 
ဟင်းချက်ရာမှာ နနွင်းကို အမြဲတမ်းအသုံးပြုပါ။ နွားနို့ထဲမှာ နနွင်းထည့်ပြီးတော့လည်း နေ့စဉ် သောက်သုံးပါ။
 

သံလွင်ဆီ

          သံလွင်ဆီ (အထူးသဖြင့် extra virgin olive oil) က နှလုံး ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါတယ်။ သွေးတွင်းမကောင်းတဲ့ ကိုလက်ထစရောကို မြှင့်တင်ပေးပါတယ်။ သွေးတွင်းသွေးခဲဖတ် စုဆောင်းမှုကိုလည်း လျော့နည်းအောင် ကူညီပေးပါတယ်။ ဟင်းချက်ရာတွင် သံလွင်ဆီကို အသုံးပြုပါ။
 

ထောပတ်သီး

          လေ့လာမှုအများအပြားအရ ထောပတ်သီးက သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်တွေကို လျှော့ချဖို့ ကူညီနိုင်တယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်အတွက် ကောင်းတဲ့ ကိုလက်စထရောအဆင့်ကိုလည်း မြင့်တက်စေနိုင်ပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ ဗီတာမင်အီးက ကိုလက်စထရောဓာတ် တိုးတက်မှု မဖြစ်အောင် ကာကွယ်ပေးပြီး သူ့မှာ ပါဝင်တဲ့ ပိုတက်စီယမ်က သွေးဖိအားကျဆင်းအောင် ကူညီပေးပါတယ်။ နေ့စဉ် ထောပတ်သီးတစ်လုံး စားပါ။
 

ဖရဲသီး

          ဖရဲသီးမှာ ပါဝင်တဲ့ အမိုင်နိုအက်စစ် L- citrulline က သွေးဖိ အားလျော့ကျအောင် ကူညီပေးပါတယ်။ နိုက်ထရိတ်အောက်ဆိုက်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး သွေးကြောတွေကျယ်လာအောင် အထောက်အကူပြုပါတယ်။ ဒါ့အပြင် ဖရဲသီးက သွေးထဲက အဆီအချိုးအစားတွေကိုလည်း မျှတအောင် ကူညီပေးပြီး နှလုံးသွေးကြောကျဉ်းမြောင်းတဲ့ ရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။ နေ့စဉ် ဖရဲသီး စားပေးပါ။ ဒါမှမဟုတ်ရင်လည်း ဖရဲသီးဖျော်ရည်တစ်ခွက်သောက်ပါ။
 

ဗာဒံစေ့

          ဗာဒံစေ့ကို အသင့်အတင့်စားသုံးတာက နှလုံးကျန်းမာရေးအတွက် အလွန်အကျိုးရှိပါတယ်။ ဗာဒံစေ့မှာ များစွာပါဝင်တဲ့ မပြည့်ဝဆီတွေက သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျှော့ချပေးပြီး ကောင်းတဲ့ကိုလက်စထရောအဆင့်ကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် သွေးကြောအတွင်း သွေးခဲဖတ်တွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သူ့မှာပါဝင်တဲ့ မဂ္ဂနီဆီယမ်တွေကလည်း သွေးခဲဖတ်မဖြစ်အောင် ကူညီပေးပြီး သွေးဖိအားကို တည်ငြိမ်မှုရရှိစေပါတယ်။ တစ်ပါတ်ကို ဗာဒံစေ့ လက်သုံးဆုပ်စာလောက် စားသုံးပေးပါ။
 

ဘရိုကိုလီ (အစိမ်းရောင်ပန်းဂေါ်ဖီ)

          လန်ဒန် အင်ပီးရီးယားကောလိပ်မှ သုတေသီတွေက နေ့စဉ်ဘရိုကိုလီ (အစိမ်းရောင်ပန်းဂေါ်ဖီ) တစ်ခွက်စာ စားသုံးပေးတာက သွေးတွင်း သွေးခဲမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ဖော်ထုတ်ထားပါတယ်။ ဒါ့အပြင် သူ့မှာပါဝင်တဲ့များစွာသော ဗီတာမင် ကေဟာ ကယ်လ်စီယမ်ကြောင့် သွေးကြောပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် သွေးဖိအားနဲ့ ကိုလက်စထရောအဆင့်ကိုလည်း လျော့ကျစေပါတယ်။ တစ်ပါတ်ကို ဘရိုကိုလီ ၂ - ၃ ကြိမ်စားသုံးပါ။
 

ကညွတ်

          ကညွတ်က သွေးကြောသန့်စင်တဲ့ အစားအစာပါ။ ကညွတ်မှာပါဝင်တဲ့ အယ်လ်ဖာလီနိုလစ်အက်စစ်နဲ့ ဖောလစ်အက်စစ်တွေက သွေးကြောမာကျောမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ တစ်ပါတ်ကို ကညွတ်သုံးကြိမ်ခန့် စားသုံးပေးပါ။
 
 
Credit: ဒေါက်တာ ခင်မိုးမိုး

11 Jan 2021     1,467 Views




RELATED

Most Popular of Health Fix

Most Popular of Life Style