BEC-TERO TV

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်ရှိ ကန်တော်ကြီးရေကန်တွင် ကန်ထက်ဝက်ခန့်အထိ ရေခန်းခြောက်နေ

14 Jan 2021     1,382 Views


ပြင်ဦးလွင်မြို့တွင် မိုးရွာသွန်းမှု တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာပြီး ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်ရှိ ကန်တော်ကြီး ရေကန်ဧရိယာ၏ ထက်ဝက်ခန့်အထိ ရေခန်းခြောက်မှု ဖြစ်ပေါ်လျက်ရှိသည်။ ပြင်ဦးလွင်မြို့တွင် ရွာသွန်းမြဲမိုးရေချိန်မှာ ၆၀ လက်မအထက် ရှိသော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ၄၂ လက်မသာ ရွာသွန်းခဲ့ကြောင်း သိရပြီး မြို့၏ပျမ်းမျှရွာသွန်းမြဲ မိုးရေချိန်အောက် သုံးနှစ်ဆက်တိုက်နီးပါး လျော့နည်းလျက်ရှိကြောင်း သိရသည်။

ယင်းသို့ မိုးရွာသွန်းမှုတစ်နှစ်ထက်တစ် နှစ်လျော့နည်းလာခြင်းနှင့်အတူ ကန်တော်ကြီး ဧရိယာအတွင်း အဓိက ရေဝင်ရောက်မှုရှိသည့် ရေဝေရေလဲ ဧရိယာများမှ ယခင်ကကဲ့သို့ ရေဝင်ရောက်မှု မရှိတော့ခြင်းကြောင့် ယခုကဲ့သို့ ထူးခြားစွာ ရေခန်းခြောက်မှု ဖြစ်ပေါ်လာသည်ဟု ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီးဥယျာဉ်မှ သိရှိရသည်။

ယင်းသို့ ပြင်ဦးလွင်မြို့၏ အထင်ကရ ကန်တော်ကြီးရေကန် ခန်းခြောက်မှုမှာ သစ်တောဧရိယာများတွင် လူနေထူထပ်လာခြင်းကြောင့် သစ်ပင်များ အလွန်အကျွံခုတ်လှဲခြင်း၊ သစ်တောသစ်ပင်များ ထိန်းသိမ်းမှု အားနည်းခြင်းများအပြင် ကန်၏ အသက်သွေးကြောဖြစ်သည့် ရေဝေရေလဲ ဧရိယာများတွင် မြေယာ စီမံခန့်ခွဲမှုများ၏ သက်ရောက်မှုဖြစ်ကြောင်း မြို့ခံလေ့လာသူများကလည်း သုံးသပ်ကြသည်။

အမျိုးသား ကန်တော်ကြီးဥယျာဉ်၏ ကြားခံဖြည့်နယ်မြေဇုန် (Buffer Zone) ကို ၁၉၉၅-၉၆ ခုနှစ်မှ စတင်ကာ ကော်ဖီစီမံကိန်းများ ချမှတ်ပေးခဲ့ပြီး မူလသဘာဝ သစ်တောများကို ခုတ်ထွင်ခြင်း၊ တစ်ဆင့်လွှဲပြောင်း ရောင်းချခြင်း၊ ကော်ဖီစိုက်ပျိုးခြင်း လုပ်ကိုင်ခြင်းမရှိဘဲ Villa များဆောက်လုပ်ခြင်း စသဖြင့် စည်းကမ်းဥပဒေများ လိုက်နာခြင်းမရှိရာမှ ကန်တော်ကြီးဧရိယာ၏ ရေဝေရေလဲ ရေထွက်များ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်ဟု စိမ်းလန်းပြင်ဦးလွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြောသည်။

ယင်းသို့ ကန်တော်ကြီး ဥယျာဉ်၏ ရေဝေရေလဲ ဧရိယာ ဧက ၂၇၀ ကျော်ကို သမ္မတ ဦးသိန်းစိန် လက်ထက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအဝင် ယင်းအချိန်က ဝန်ကြီးများ၊ ဗိုလ်ချုပ်ကြီးများအား စက်မှုဂရမ်များ ချထားပေးရန် ဆောင်ရွက်ခဲ့သော်လည်း ကန့်ကွက်မှုများကြောင့် ချထားပေးခြင်း မရှိခဲ့ပေ။

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်သည် ၄၃၆ ဒသမ ၉၆ ဧကကျယ်ဝန်းကာ ယင်းအနက် ကုန်းမြေဧရိယာမှာ ၃၆၆ ဒသမ ၉၆ ဧကနှင့် ရေပြင်ဧရိယာမှာ ဧက ၇၀ ခန့်ရှိကြောင်း သိရသည်။ ၁၉၂၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော အမျိုးသား ကန်တော်ကြီး ဥယျာဉ်ကို ယခုအခါ ထူးကုမ္ပဏီများအုပ်စုက ၂၀၁၀ ပြည့်နှစ်မှ စတင်၍ ၁၅ နှစ်သက်တမ်းဖြင့် ငှားရမ်းလုပ်ကိုင် လျက်ရှိသည်။

Photo credit


14 Jan 2021     1,382 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS