UAE နိုင်ငံ၏ ဓာတ်ဆီဈေးနှုန်းက ရေသန့်ဘူးထက်ပင် ဈေးနှုန်းချိုသာ
01 Feb 2016 1,876 Views

ကမ္ဘာတစ်ဝန်းတွင် ရေနံဈေးနှုန်းများ အဆမတန် ကျဆင်းပြီးနောက် အာရပ် စော်ဘွားများ ပြည်ထောင်စု UAE ရှိ ဓာတ်ဆီဈေးနှုန်း သည် ရေသန့်ဘူးများ အပါအဝင် အခြား အခြေခံ လူသုံးကုန် ပစ္စည်းများထက် ဈေးနှုန်း ချိုသာလျက် ရှိကြောင်း Sputnik သတင်းတစ်ရပ် အရ သိရသည်။
လက်ရှိ UAE နိုင်ငံ၌ ကြက်ဥ ခြောက်လုံးလျှင် တစ်ဒေါ်လာကျော်၊ ပက်ဆီ အချိုရည် တစ်လီတာဘူး တစ်ဘူးလျှင် ဆင့် ၈ဝ နှင့် Evian ရေသန့် တစ်လီတာခွဲ တစ်ဘူးလျှင် ၂ ဒသမ ၁၅ ဒေါ်လာ ရှိချိန်တွင် အကောင်းစား ဓာတ်ဆီ တစ်လီတာ ဈေးနှုန်းမှာ ဆင့် ၄ဝ သာရှိကြောင်း ဒေသတွင်း သတင်းစာ တစ်စောင်ဖြစ်သည့် The National သတင်းစာ က ဖော်ပြ ထားသည်။
ပြီးခဲ့သည့်နှစ်က ရေနံဈေးနှုန်း များသည် ဇန်နဝါရီလမှ စ၍ တစ်စည်လျှင် ၅၂ ဒေါ်လာ မှ ၃၅ ဒေါ်လာအထိ ၃ဝ ရာခိုင်နှုန်း ကျဆင်း ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ကျဆင်းခြင်း၏ နောက်ကွယ်တွင် ကမ္ဘာ့ ဟိုက်ဒရိုကာဗွန် သုံးစွဲမှု အများဆုံးနိုင်ငံ များအနက် တစ်ခု အပါအဝင် ဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်လာမှု အပြင် အိုပက်အဖွဲ့၏ ရေနံပိုမို တိုးမြှင့် ထုတ်လုပ်ရေး မူဝါဒနှင့် အီရန်အပေါ် နိုင်ငံတကာ မှ အရေးယူ ပိတ်ဆို့မှုများ ဖယ်ရှား ပေးခြင်းကို ဆန့်ကျင်သည့် အနေဖြင့် ရေနံ ဈေးနှုန်းများ လျှော့ချခဲ့ခြင်း စသည့် အကြောင်းအရာ များတည် ရှိနေကြောင်း သိရသည်။
ထို့ပြင် အီရန်နိုင်ငံ အနေဖြင့် တစ်ရက်လျှင် ရေနံစိမ်းစည် ၅ဝဝဝဝဝ အထိတိုးမြှင့် ထုတ်လုပ်သည့် တိုင်အောင် ယခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ရေနံ ထုတ်လုပ်မှုသည် ဆက်လက်ကျ ဆင်း နေမည် ဖြစ်ကြောင်း UAE စွမ်းအင်ဝန်ကြီး ဆူဟေးအယ်လ်မာ ဇရိုအီ က သုံးသပ် ထားသည်။
http://www.pyichitthar.com