BEC-TERO TV

ရန်ကုန်မြို့တွင်း ကျယ်ပြန့်လာသော အိမ်စီးကားဘီးများ အစုံလိုက် ခိုးယူမှု နှိပ်နင်းဖို့လိုပြီ

18 Oct 2016     1,515 Views


ရန်ကုန်မြို့အတွင်း ရပ်နားထားသော အိမ်စီးယာဉ်များမှ ကားဘီးများ အစုံလိုက် ဖြုတ်ခိုးသည့် ဖြစ်စဉ်များ ယခုရက်ပိုင်းအတွင်း နေရာအနှံ ခပ်စိတ်စိတ်ဖြစ်ပွားလျှက်ရှိသည်။
 
ရန်ကုန်မြို့တွင် ယာဉ်ရပ်နားရန်နေရာ အလုံအလောက်မရှိသော အခက်အခဲများကြောင့် ယာဉ်ပိုင်ရှင်များက မိမိ၏မော်တော်ယာဉ်ကို ရပ်နားရန်အဆင်ပြေသော နေရာများတွင် မိမိတို့၏ မျက်ကွယ်၌ ညသိပ်ရပ်နားနေကြရသည်။
 
ဟိုးယခင်က ညသိပ်ရပ်နားထားသော ကားများမှ မီးလုံး၊ မီးခွက်များ ဖြုတ်ခိုးခြင်းများ ရှိခဲ့ပြီး ယခုအခါ မော်ဒယ်မြင့်ကားများတွင် ပါလာခဲ့သော အချက်ပေး စနစ်များကြောင့် ကားပစ္စည်းဖြုတ်ခိုးသည့် ပုံစံမှာ ပြောင်းလဲသွားခဲ့သည်။ အစပိုင်းတွင် အချက်ပေးစနစ် မမြည်နိုင်သည့် ကား၏ အမှတ်တံဆိပ်ပြားများ ကော်ထုတ်ခြင်း၊ ရေဒီယိုတိုင်များ ဖြုတ်ခိုးခြင်း စသည်အသေးစား ခိုးယူမှုများ ရှိနေခဲ့ပြီးနောက် ယခုအခါတွင် ကားဘီးများ စုံလိုက် အကြီးစားခိုးယူခြင်းများ စတင်ခေတ်စားလာနေသည်။
 
ရန်ကုန်မြို့လယ်ရှိ ဝန်ကြီးများရုံးအနီးတွင် ညသိပ်ရပ်နားထားသော ယာဉ်တစ်စီး
 
လူသွားလူလာရှင်းသော နေရာတွင် ကားဘီးများ ဖြုတ်ခိုးပြီး အုတ်နီခဲများနှင့် ပြန်လည်ဆင့်ခံထားခဲ့သည် ခိုးယူမှုပုံသဏ္ဌန်ကို ကြည့်ခြင်းအားဖြင့် တစ်ကိုယ်တော် သူခိုးများမဟုတ်ပဲ အစုအဖွဲ့ဂိုဏ်းနှင့် စနစ်တကျ ကျွမ်းကျင် ပိုင်နိုင်စွာ အချိန်တိုအတွင်း ခိုးယူခဲ့ကြကြောင်း သိသာထင်ရှားပါသည်။
 
ခိုးယူခံရသည့်ကားများ အားလုံးသည် ကားဘီးမှာ အလွိုင်းခွေများတပ်ဆင်ထားသည့် မော်ဒယ်မြင့်ကားများဖြစ်ကြပြီး အဆိုပါ ကားအမျိုးအစားများအတွက် အော်ရီဂျင်နယ်တံဆိပ်နှင့် အလွိုင်းခွေဈေးနှုန်းမှာ အားလုံးပေါင်းလျှင် တန်ဖိုးငွေကျပ် သိန်းဆယ်ဂဏန်း အထက်မှာ ရှိနေသည့်အတွက် ယာဉ်ပိုင်ရှင်များအတွက် ဆုံးရှုံးမှု ကြီးမားသည်ဟု ဆိုနိုင်ပါသည်။
 
 
ယာဉ်ပိုင်ရှင်များအနေနဲ့ မော်တော်ယာဉ် ရပ်နားပိုင်ခွင့်ရှိသော ပါကင်နေရာများတွင် စနစ်တစ်ကျ ရပ်နားထားသော်လည်း လုံခြုံမှုမရှိဖြစ်နေကြရပါသည်။ ထို့ကြောင့်အဆိုပါ ဂိုဏ်းဖွဲ့ခိုးယူမှုများ  တစ်စ တစ်စ မပျံ့ပွား၊ မကြီးထွားလာမီ သက်ဆိုင်ရာ အာဏာပိုင် အဖွဲအစည်းများ၊ တာဝန်ရှိသူများအနေနှင့် ဖော်ထုတ်ဖမ်းဆီး အရေးယူမှုများ အမြန်ဆုံးပြုလုပ်သင့်နေပြီဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
 

18 Oct 2016     1,515 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS