BEC-TERO TV

မြန်မာ-မလေးပွဲမှာ ရန်ဖြစ်ခဲ့တဲ့ ပရိသတ်အချို့ အသင်းကို အားပေးဖို့လား ရမ်းကားဖို့လား ဆိုတာ မေးစရာဖြစ်နေ

29 Nov 2016     1,352 Views


နိုဝင်ဘာလ ၂၆ ရက်နေ့က ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့ အကျိတ်အနယ်ယှဉ်ပြိုင်စဉ်မှာ သုဝဏ္ဏကွင်း (ရိုးရိုးတန်း) တောင်ဘက်ပွဲကြည့်စင်မှာ မြန်မာပရိသတ်အချင်းချင်း ရန်ဖြစ်ထိုးကြိတ်ခဲ့တဲ့ အကျည်းတန် ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။
 
ဘောလုံးကွင်းကို လာရောက်အားပေးကြတဲ့ ပရိသတ်အချို့ဟာ ကွင်းထဲကို မဝင်မီထဲက အရက်သေစာ သောက်စားထားကြတာကို သတိပြုမိပါတယ်။ အချို့ဆိုရင် မိမိဝင်ရမည့် ဂိတ်ပေါက်မရောက်မီ လမ်းမှာ သုံးခါလောက် အန်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ပွဲနားနီးချိန် အရမ်းကပ်မှ ရောက်လာပြီး ဂိတ်ပေါက်ဝတွင် တန်းမစီပဲ အတင်းကြားဖြတ်ဝင်တာ၊ ဂိတ်ပေါက်ဝက ဝန်ထမ်းကို ရန်လိုတဲ့ အပြုအမူတွေလုပ်တဲ့ အဖြစ်အပျက်တွေဟာ နိုင်ငံကြီးသား မဆန်တဲ့ အကျည်းတန်လုပ်ရပ်တွေဖြစ်ပါတယ်။  ကွင်းထဲရောက်တဲ့အခါမှာလည်း အကြောင်းမဲ့ ဆဲဆိုခြင်း၊ ပွဲကြည့်စင်ထိုင်ခုံများကို ဖိနပ်ချွတ်ပြီး ဗင်ထုသလို တစ်ဖုန်းဖုန်းနဲ့ ရိုက်ခြင်း စတာတွေက နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ညိုးငယ်စေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
 
နိုင်ငံခြားသားတွေပါ လာရောက်အားပေးတဲ့ ယခုလိုပွဲမျိုးမှာ ကိုယ့်လူမျိုးကို သူများအထင်မသေး သေးအောင် လက်တွေ့ပြသသလို ဖြစ်နေပါတယ်။ ယခုဗီဒီယိုဖိုင်မှာ လုံခြုံရေးများ အနေနဲ့  ဘာမှမလုပ်ပဲ ဒီတိုင်းကြည့်နေတာကိုတွေ့ကြရပါလိမ့်မယ်။ အချို့က လုံခြုံရေးညံ့တယ်လို့ အပြစ်ပြောကောင်း ပြောကြပါလိမ့်မယ်။ တစ်ကယ်တော့ ဒီလိုအခြေနေမျိုးမှာ လုံခြုံရေးက ဝင်ထိန်းရင် ပိုပြီးဆိုးသွားနိုင်ပါတယ်၊ နဂိုထဲက ဆွမ်းကြီးလောင်းတတ်တဲ့ အကျင့်ဆိုးရှိတဲ့ သဘောကြောင့် ရန်ပွဲဟာ တစ်ကွင်းလုံးပျံ့သွားပြီး လုံခြုံရေးက လုပ်လို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လက်နက်မဲ့ပြည်သူတွေ ရိုက်ခံရတယ်ဆိုတဲ့ စွဲချက်က ကြီးမားတာကြောင့် လုံခြုံရေးများ ဝင်မပါခဲ့ခြင်းလို့ နားလည်မိပါတယ်။
 
သို့သော် လုပ်နိုင်တာတစ်ခုကတော့ ယခုဗီဒီယိုထဲက ရန်ပွဲမှာ ပါဝင်ခဲ့ကြသူအားလုံးကို ဖော်ထုတ်ဖမ်းဆီးပြီး တည်ဆဲဥပဒေနဲ့ အရေးယူကြဖိုဲ့ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာအသင်းကို အားပေးဖို့လာတာလား…? ရမ်းကားသောင်းကျန်းဖို့ လာတာလား…? လို့ မေးစရာရှိနေပါသည်။

29 Nov 2016     1,352 Views




RELATED

Most Popular of Football

Most Popular of NEWS