BEC-TERO TV

ရုံမတင်သေးမီ တိရိစ္ဆာန်အပေါ် ရက်စက်တယ်လို့ စွပ်စွဲခံနေရတဲ့ A Dog’s Purpose ရုပ်ရှင်

19 Jan 2017     1,262 Views


ခွေးလေးတစ်ကောင်ဟာ မွေးဖွားလိုက်၊ သေဆုံးလိုက်နဲ့ ဘဝအမျိုးမျိုးကို ကူးပြောင်းသွားပေမယ့် ဖြစ်လေရာ ဘဝတိုင်းမှာ ရည်ရွယ်ချက်ရှိရှိ အသက်ရှင်တယ်ဆိုတာကို ဖော်ကျူးထားတဲ့ A Dog’s Purpose ဆိုတဲ့ ရုပ်ရှင်ဟာ ရုံမတင်ရသေးခင်မှာပဲ ပွဲဆူသွားခဲ့ပါတယ်။
 
ဒီဇာတ်ကားအတွက် ဇာတ်ဝင်ခန်းအချို့ကို ရိုက်ကူးနေတဲ့ ရိုက်ကွင်းပေါ်က ဗီဒီယိုတစ်ခု ဇန်နဝါရီ ၁၈ ရက်နေ့က အွန်လိုင်းပေါ်ရောက်လာပြီးနောက်မှာတော့ တိရိစ္ဆာန်ချစ်သူတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေကို ခံနေရပါတယ်။ ဗီဒီယိုထဲမှာတော့ ဂျာမန်သိုးထိန်းခွေးကြီး တစ်ကောင်ကို ရေစီးသန်တဲ့ ပုံစံမျိုး ဆက်တင်ဆင်ထားတဲ့ ကန်ထဲကို ဆင်းခိုင်းဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ခွေးကြီးက ကြောက်လန့်ပြီး ခွေးထိန်းလက်ထဲကနေ လွတ်အောင် ရုံးကန်နေပါတယ်။ တစ်ဖက်ကလည်း ကင်မရာကို ရိုက်ထားပေမယ့် ခွေးကြီးက ရေကန်ထဲမဆင်းပဲ ရုန်းကန်နေတာကြောင့် “အဲ့ဒီခွေးက ရေကန်ထဲမရောက်မချင်း ငြိမ်မှာမဟုတ်ဘူး၊ မင်း သူ့ကို ကန်ထဲပစ်ချလိုက်” ဆိုတဲ့ ညွှန်ကြားသံက ဗီဒီယိုထဲမှာ ပါလာခဲ့ပါတယ်။ 
 
 
ဒီရိုက်ကွင်းပေါ်က ဗီဒီယိုကို ကနေဒါနိုင်ငံ ဝင်နီပက်အနီးမှာ ရိုက်ကူးတဲ့ ဇာတ်ဝင်ခန်း ရိုက်နေတုန်းမှာ မှတ်တမ်းတင်ထားမိခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာ ခွေးဟာ ရေထဲရောက်သွားပြီး ရေကန်ရဲ့ တစ်ဖက်မှာ ပြန်တက်ဖို့ ကြိုးစားရာမှာ ရေနစ်မလို ဖြစ်ပြီး ရုပ်ရှင်အဖွဲ့သားတွေ အမြန်ကယ်ဆယ်လိုက်ရပါတယ်။
 
ရိုက်ကွင်းဗီဒီယိုကို တိရိစ္ဆာန်ချစ်သူတွေ ကြည့်ပြီးတဲ့နောက်မှာတော့ ဒီဇာတ်ကားကို သပိတ်မှောက်ဖို့ လူထုကြားမှာ နှိုးဆော်ခဲ့ပါတယ်။ ခွေးနဲ့အခြားတိရိစ္ဆာ်န်တွေအပေါ် ကိုယ်ချင်းစာတရားနဲ့ ဆက်ဆံဖို့နဲ့ သတ္တဝါတွေဟာ ရုပ်ရှင်အတွက် အသုံးချခံ မဟုတ်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။ 
ကနေဒါနိုင်ငံက တိရိစ္ဆာန်ချစ်သူအဖွဲ့တစ်ခုကတော့ ကနေဒါကတာဝန်ရှိသူတွေက ရုပ်ရှင်ဒါရိုက်တာကို အရေးယူတရားစွဲဖို့ ဝိုင်းဝန်းပြောဆိုခဲ့ကြပါတယ်။ ရုပ်ရှင်ရိုက်ကွင်းပေါ်က တိရိစ္ဆာန်များ ဘေးအန္တရာယ်ကင်းရှင်းရေး အမေရိကန်အဖွဲ့က အဆိုပါဖြစ်စဉ်နဲ့ပက်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
 
ယူနီဗာဆယ်ပစ်ချာက ထုတ်လုပ်ပြီး ဇန်နဝါရီ ၂၇ ရက်နေ့မှာ ရုံတင်တော့မယ့် A Dog’s Purpose ဇာတ်ကားကတော့ ဒီပြဿနာကြောင့် လူသိများသွားခဲ့ပါပြီ။ နမူနာပြကွက်တွေအရဆိုရင် တစ်ကယ့်ကို ရည်ရွယ်ချက်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။
 
 

19 Jan 2017     1,262 Views




RELATED

Most Popular of Special or Others

Most Popular of NEWS