BEC-TERO TV

နောက်ဆုံးနေ့ နီးကပ်လာသော အိုင်အက်စ်ခေါင်းဆောင်

23 Mar 2017     1,278 Views


အိုင်အက်စ်၏ စစ်ဦးစီးများ တစ်ဦးပြီးတစ်ဦး သေဆုံးကုန်ပြီ ဖြစ်သလို ဘဂ္ဂဒက်ဒီ အနေဖြင့်လည်း အလားတူ ကြမ္မာဆိုး ကြုံရန် အချိန်အတိုင်းအတာ တစ်ခုသာ လိုတော့ကြောင်း တိုင်လာဆန်က ဆိုသည်။ တိုင်လာဆန်သည် အိုင်အက်စ်ကို တိုက်ခိုက်နေသည့် ၆၈ နိုင်ငံပါ မဟာမိတ် အဖွဲ့ကို ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် စည်းရုံး တွေ့ဆုံပြီးနောက် ယခုလို ကြွေးကြော်ခဲ့ခြင်း ဖြစ်သည်။

“အမေရိကန်ဟာ ဒီတိုက်ပွဲမှာ ပိုပြီး အင်အားတောင့်တင်းစွာ ပါဝင်ရပ်တည်မှာ ဖြစ်သလို ပြင်းပြင်းထန်ထန် ချေမှုန်းမှုတွေ ပြုလုပ်သွားမှာပါ။ ရက်စက်ခက်ထန်တဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေကို အမြစ်ပြတ်အောင် သုတ်သင် ရှင်းလင်းရေးဟာ အမေရိကန်ရဲ့ မူဝါဒတစ်ခု ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အမေရိကန်နှင့် မဟာမိတ်များ၏ ဘက်ပေါင်းစုံမှ ပိတ်ဆို့မှုကြောင့် ပြီးခဲ့သည့်နှစ်အတွင်း အိုင်အက်စ်ထံသို့ ဂျီဟတ်ဝါဒီ စစ်သွေးကြွများ ပေါင်းစည်းဝင်ရောက်မှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့ကြောင်းလည်း တိုင်လာဆန်က ကြေညာသည်။ “အကြမ်းဖက်အဖွဲ့ရဲ့ လက်ထောက်စစ်ဦးစီး အားလုံးနီးပါး သေကုန်ကြပြီ။ ဘဂ္ဂဒက်ဒီ ကိုယ်တိုင်လည်း ဒီကြမ္မာမျိုး ကြုံဖို့ သိပ်မလိုတော့ပါဘူး”ဟု ၎င်းက ပြောကြားသွားသည်။ ထိုအတောအတွင်း အမေရိကန် ဦးဆောင်သည့် မဟာမိတ် တပ်ဖွဲ့များသည် အိုင်အက်စ်ကို တိုက်ခိုက်နေသည့် ဆီးရီးယား တော်လှန်ရေး အုပ်စုများကို ပထမဆုံးအကြိမ် လေကြောင်းမှ သယ်ယူပို့ဆောင်မှု အထောက်အပံ့ ပေးခဲ့ကြောင်း သိရသည်။

ပင်တဂွန် စစ်ဌာနချုပ်က ဆီးရီးယား ဒီမိုကရက် အင်အားစု (SDF) တပ်ဖွဲ့များကို မဟာမိတ် လေယာဉ်များက တက်ဘ်ကာ ရေလှောင်တမံအနီးရှိ အိုင်အက်စ် စစ်ကြောင်းများ၏ နောက်ဘက်တွင် ချပေးခဲ့ကြောင်း ကြေညာသည်။ အဆိုပါ ရေလှောင်တမံသည် အိုင်အက်စ်၏ ပင်မ ခြေကုပ်စခန်းဖြစ်သော ရက္ကာမြို့၏ အနောက်ဘက်တွင် တည်ရှိသည်။ အဆိုပါ ရေလှောင်တမံကို ထိန်းချုပ်ရေးအတွက် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေပြီး ယင်းနေရာတွင် အိုင်အက်စ် တပ်ဖွဲ့ဝင် ရာဂဏန်းမျှ တပ်စွဲထားပြီး ရေလှောင်တမံကို ကာကွယ်နေဆဲဟုလည်း ပင်တဂွန်၏ ကြေညာချက်အရ သိရှိရသည်။

Credit : 7daydaily


23 Mar 2017     1,278 Views




RELATED

Most Popular of International News

Most Popular of NEWS