BEC-TERO TV

လိင်တူခြင်းချစ်ကြိုက်ပေါင်းသင်းကြလို့ သေရင် အပါယ်ငရဲ ကျနိုင်ပါသလား...?

24 Nov 2017     2,369 Views


ယနေ့ခေတ် ကမ္ဘာ့နိုင်ငံတွေမှာသာမက မြန်မာနိုင်ငံမှာပါ ပွင့်လင်းမြင်သာစွာနဲ့ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းထဲ ကျင်လည်လာတဲ့ လူတန်းစားတစ်ခုကတော့ လိင်တူချစ်သူတွေပဲ ဖြစ်ပါတယ်။

LGBT သက်တန့်ရောင်စဉ်လှုပ်ရှားမှုတွေနဲ့အတူ နိုင်ငံအချို့မှာ လိင်တူခြင်း လက်ထပ်တာကို တရားဝင်ခွင့်ပြုထားတာတွေလည်း ရှိနေပြီဖြစ်ပါတယ်။ လတ်တလော သတင်းတစ်ခုအရ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်မှ လိင်တူချစ်သူ အမျိုးသားနှစ်ဦးက သူတို့လက်ထပ်ပွဲအတွက် ကိတ်မုန့်ဝယ်ယူခဲ့ရာ ဆိုင်ပိုင်ရှင်က ခရစ်ယာန်ဘာသာ ကိုးကွယ်ယုံကြည်သူဖြစ်တဲ့အတွက် လိင်တူခြင်းချစ်ကြိုက်မှုကို မနှစ်သက်ပဲ ကိတ်မုန့် လုပ်ပေးရန် ငြင်းဆန်ခဲ့သည့်အတွက် တရားစွဲခံခဲ့ရပြီး နောက်ဆုံးတွင် ခွဲခြားဆက်ဆံမှုနဲ့ တရားရှုံးနိမ့်ခဲ့ရသည်။

ယင်းကဲ့သို့ လူတန်းစားတစ်ရပ်အနေနဲ့ ခိုင်ခိုင်မာမာရပ်တည်လာကြတဲ့ လိင်တူချစ်သူတွေဟာ ဗုဒ္ဓဘာသာအရ သူတို့ရဲ့ လုပ်ရပ်ဟာ အပါယ်ငရဲကျနိုင်လားဆိုတဲ့ မေးခွန်းတွေရှိလာခဲ့ပါတယ်။
ဒီမေးခွန်းရဲ့ အဖြေကိုတော့ ဆရာတော်ဦးကေလာသ၊ ဓမ္မာစရိယ B.A.(Philo), M.A(Buddhism) ရဲ့ ဖြေကြားချက်ကို ကိုကားကောက်နုတ်ပြီး ပြန်လည် တင်ပြလိုက်ပါတယ်။


မြတ်ဗုဒ္ဓလက်ထက်က ရဟန်းယောက်ျားကနေ ရဟန်းမိန်းမအဖြစ် လိင်ပြောင်းသွားဖူးတဲ့သူရှိပါတယ်။ ဒီရဟန်းကို ဥပဇ္ဈယ်ဆရာနဲ့ ရဟန်းယောက်ျားဖြစ်စဉ်က ရခဲ့တဲ့ သိက္ခာဝါအတိုင်း အမျိုးသမီးဘိက္ခုနီဖြစ်သွားတဲ့အခါ ဝါမလျော့သွားပဲ ဘိက္ခုနီတို့ရဲ့ ဝိနည်းအတိုင်းကျင့်ကြံပြီး ဘိက္ခုနီကျောင်းမှာ ပြောင့်ရွှေ့နေထိုင်ဖို့ မြတ်ဗုဒ္ဓက ခွင့်ပြုတော်မူခဲ့ပါတယ် (ဝိ၁၊ ၄၃ မှာရှုပါ)

ဗုဒ္ဓဝါဒကျမ်းဂန်မှာ ယောက်ျားအချင်းချင်း၊ မိန်းမအချင်းချင်း တပ်မက်စိတ်ဖြစ်တာကို မိစ္ဆာဓမ္မဖြစ်ကြောင်း ဆိုထားပါတယ်။ တနည်းအားဖြင့် မိစ္ဆာဓမ္မဆိုတာ သဘာဝကိုဆန့်ကျင်ပြီး လိင်တူခြင်းတပ်မက်ခြင်းကို ဆိုပါတယ်။
လိင်တူခြင်းတပ်မက်တယ်ဆိုတာ အတိတ်ကံကြောင့် ဖြစ်နိုင်သလို ယခုခေတ် မျိုးဗီဇ၊ အစားအသောက်၊ အနေအထိုင်၊ ဆေးဝါးတွေကြောင့်လည်း လူ့ခန္ဓာကိုယ်ရဲ့ မူလသဘာဝဖောက်ပြန်လို့လည်း ဖြစ်နိုင်ပါတယ်။


ဗုဒ္ဓဝါဒမှာ ယောက်ျားကနေ မိန်းမဖြစ်ချင်လို့၊ မိန်းမကနေ ယောက်ျားဖြစ်ချင်လို့ ဆိုတာတွေအပေါ် ကဲ့ရဲ့မုန်းတီးခြင်း မရှိပါဘူး။ ဖြစ်ချင်နေတာဟာ ကိုယ့်ရဲ့ဆန္ဒဖြစ်လို့ ဗုဒ္ဓဝါဒအရ ကိုယ်လုပ်တာကို ကိုယ်ရမှာပဲဖြစ်ပါတယ်။
ဗုဒ္ဓဝါဒမှာ ဘယ်သူကိုမှ လက်ထပ်ရမယ်၊ ဘယ်သူ့ကိုဖြင့် လက်မထပ်ရဘူးဆိုပြီး တားမြစ်ထားတာမရှိပါဘူး။ အမှန်ကတော့ လိင်တူချင်းပဲဖြစ်ဖြစ်၊ လိင်ကွဲနဲ့ပဲဖြစ်ဖြစ် ဒီခန္ဓာကိုယ်ကြီးကို အသုံးပြုပြီး ဘဝတဏှာကို တိုးမြှင့်အောင် ပြုလုပ်နေကြတာဖြစ်လို့ ဘဝသံသရာမှာ ချည်နှောင်ကြသူတွေ အတူတူချည်းပဲ ဖြစ်ပါတယ်။


လိင်မတူခြင်းပဲဖြစ်စေ၊ လိင်တူခြင်းပဲဖြစ်စေ ချစ်ကြိုက်တယ်ဆိုတာက လူသားတို့ရဲ့ အားနည်းမှုဖြစ်ပြီး ပရမတ္တသဘာဝနဲ့ ခန္ဓာကိုယ်ရဲ့ အနှစ်မရှိတဲ့ သဘာဝကို မသိမှုကြောင့်သာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ လိင်တူခြင်း ချစ်ကြိုက်မိလို့ သေရင်အပါယ်မကျပါဘူး၊ သို့ပေမယ့် လိင်ကိုယ်အကြောင်းပြုပြီး အကုသိုလ်ပြုရင်တော့ မည်သူမဆို အပါယ်ကျမှာဖြစ်ပါတယ်။ ဗုဒ္ဓဝါဒ စစ်မှန်ရင် လိင်တူချစ်သူတွေအပေါ် ခွဲခြားနှိပ်ချတာ လုံးဝမရှိကြောင်း ဆရာတော်ကြီးမှ မိန့်ကြားခဲ့ပါတယ်။
 


24 Nov 2017     2,369 Views




RELATED

Most Popular of Special or Others

Most Popular of JOB