BEC-TERO TV

ဗီတာမင် ဒီ ဓါတ်ပါတဲ အစားအသောက်တွေကို ဘာကြောင့်စားသုံးသင့်သလဲ

19 Oct 2018     1,411 Views


ဗီတာမင် ဒီ က အရိုးကို ခိုင်မာစေတယ်ဆိုတာ မဟုတ်ဘူး၊ အရိုးကျိုးတာကိုလည်း ပြန်မကောင်းစေဘူး၊ စသဖြင့် ပြောကြဆိုကြရေးကြတာတွေ တွေ့ကောင်း တွေ့ကြပါလိမ့်မယ်၊
 
ဒါပေမယ့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက လူတိုင်း သောက်သင့်တယ်၊ အထူးသဖြင့် ဆောင်းဦးပေါက်နဲ့ ဆောင်းရာသီမှာ သောက်သင့်တယ်လို့ အကြံပြုပါတယ်။
ဒီတော့ အမှန်တရားက ဘာလဲ ။
 
ဘာကြောင့် ဗီတာမင် ဒီ လိုအပ်သလဲ
 
ဗီတာမင် ဒီ နဲ့ပတ်သက်လို့ အခြေအတင် အငြင်းပွားနေခဲ့ကြတာ နှစ်ပေါင်းအတော် ကြာနေခဲ့ပါပြီ။
 
တချို့က အရိုးကို ခိုင်မာ သန်စွမ်းစေတယ်၊ အအေးမိတာနဲ့ တုပ်ကွေးကို ကာကွယ်ပေးနိုင်တယ်လို့ တချို့က ပြောကြသလို တချို့ကလည်း ဗီတာမင် ဒီကို သောက်တာ ပိုက်ဆံကုန်တာပဲ ရှိတယ်လို့ ပြောကြပါတယ်။
 
ဗီတာမင် ဒီ ဟာ ကိုယ်ဆန္ဓာထဲက ထုံးဓါတ် (ကယ်လစီယမ်)နဲ့ မီးစုံးဓါတ် (ဖေါ့စ်ဖေါရပ်စ်) တို့ကို ရှိသင့်ရှိထိုက်တဲ့ ပမာဏရှိအောင် ထိန်းညှိပေးရာမှာ အဓိကကျပါတယ်။ ကယ်လစီယမ် နဲ့ မီးစုံးဓါတ် ဖေါ့စ်ဖေါရပ်စ် တို့ဟာ အရိုး၊ ကြွက်သားနဲ့ သွားတွေ ခိုင်ခံ့သန်စွမ်းစေဖို့ လိုအပ်တဲ့ ဓါတ်တွေ ဖြစ်ပါတယ်။
 
ဗီတာမင် ဒီ အလုံအလောက်မရရင် အရိုးပါးလာ ကြွပ်ဆတ်လာတတ်ပြီး ပုံပျက်ပန်းပျက်နဲ့ ချို့ယွင်းတာတတ်ပါတယ်။
 
ဗီတာမင် ဒီ ချို့တဲ့တာများရင် ကလေးတွေမှာ rickets လို့ ခေါ်တဲ့ အရိုးပျော့တဲ့ ရောဂါ ဖြစ်စေပြီး ခြေထောက်တွေ ကောက်ကွေးပြီး အရိုးကျိုးလွယ် ပါတယ်။
 
အရွယ်ရောက်ပြီးသူတွေမှာ ကြွက်သားတွေအားနည်းပြီး နာကျင်စေပါတယ်။ နောက်ပြီး ကလေးတွေမှာ ဖြစ်တဲ့ rickets လိုမျိုး osteomalacia လို့ ခေါ်တဲ့ ရောဂါဖြစ်စေနိုင်ပါတယ်။
 
ဗီတာမင် ဒီ ကို သာမန်အားဖြင့်ဆိုရင် အရေပြားနဲ့ နေရောင်ခြည် ထိတွေ့ရာက ရရှိတာဖြစ်ပါတယ်။ အထူးသဖြင့် နွေနဲ့ နွေဦးကာလမှာ ဗီတာမင် ဒီ အများကြီး ရပါတယ်။
 
ဒါပေမယ့် နေရောင်ခြည် အရနည်းတဲ့ ဆောင်းဦးပေါက်နဲ့ ဆောင်းတွင်းမှာတော့ ဗီတာမင် ဒီ ကို လိုအပ်သလောက်မရပါဘူး၊ ယူကေလိုနိုင်ငံမျိုးမှာ လူ ၅ ယောက်မှာ တယောက် ဗီတာမင် ဒီ ချို့တဲ့တတ်ပါတယ်။
 
ဗီတာမင် ဒီ ဟာ သဘာဝအားဖြင့် တချို့ အစားအစာတွေမှာ ပါဝင်ပေမယ့် လိုအပ်တဲ့ ပမာဏကို ရဖို့ ခက်ခဲပါတယ်။
 
တချို့ လူတွေမှာ ဗီတာမင် ဒီ နေ့စဉ်လိုအပ်ချက် ပမာဏဖြစ်တဲ့ ၁၀ မိုက်ခရိုဂရမ် (၄၀၀ IU) ရရှိဖို့ ခက်ပါတယ်။
 
ဒါကြောင့်လည်း ဗီတာမင် ဒီ ကို ကျွမ်းကျင်သူတွေ အကြံပြုတဲ့ အတိုင်း လူတိုင်း နေ့စဉ်သောက်ဖို့ သင့်တယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
 
သူတို့ကတော့ အရိုးနဲ့ ကြွက်သား ကျန်းမာသန်စွမ်းစေဖို့ အကြံပြုတာဖြစ်ပါတယ်။
 
လူတိုင်းမဖြစ်မနေ သောက်ရမယ်လို့ ဆိုလိုတာ မဟုတ်ပေမယ့် သောက်ဖို့ လိုမလို ချင့်ချိန်စဉ်းစားဖို့ ပြောတာသာဖြစ်တယ်လို့ ဆိုပါတယ်။
 
စောစောက ဖေါ်ပြခဲ့တဲ့ ဗီတာမင် ဒီ အားဆေးသောက်တာ အကျိုးမရှိဘူးဆိုတဲ့ ကောက်ချက်ဟာ အရင်က လုပ်ခဲ့တဲ့ ဗီတာမင် ဒီနဲ့အရိုးသန်စွမ်းမှုဘယ်လို ဆက်နွယ်နေလဲဆိုတဲ့ လေ့လာစမ်းသပ်မှု ၈၁ ခုကို အသေအချာ စိစစ်သုံးသပ်ပြီး ကောက်ချက်ချခဲ့တာဖြစ်ပါတယ်။
 
အဲဒီ စမ်းပ်မှု ၈၁ ခု အနက် ဗီတာမင် ဒီ ချို့တဲ့နေတဲ့ လူတွေကို စမ်းသပ်ခဲ့တဲ့ ၄ ခုမှာပဲ ဗီတာမင် ဒီ အကျိုးသောက်ရောက်မှုရှိတာကို တွေ့ခဲ့ရပါတယ်။
 
ကျန်းမာပြီး ဗီတာမင် ဒီ ရှိသင့်တဲ့ ပမာဏအတိုင်း ရှိနေသူမှာတော့ ထူးထူးခြားခြား အကျိုးသက်ရောက်မှု မရှိတာကို တွေ့ခဲ့ကြရပါတယ်။
 
ဒါပေမယ့်လည်း အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနကတော့ သူတို့ ရဲ့ မူလအကြံပြုချက်ကို မပြောင်းလဲဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
 
အကြံပြုချက်အတိုင်း သောက်သင့်မသင့်
 
တခြားသီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်သူတွေကလည်း နေ့စဉ် ဗီတာမင်ဒီ သောက်တာဟာ အစကတည်းက ဗီတာမင် ချို့တဲ့ နေသူတွေမှာပဲ အကျိုးသက်ရောက်မှုရှိတယ်လို့ ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။
 
ဒါပေမယ့် လန်ဒန် ကွင်းမေရီ တက္ကသိုလ်က ပါမောက္ခ အေဒရီယန် မာတီနော ကတော့ အခုတွေ့ရှိချက်ကြောင့် ကျန်းမာရေးကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်ကို ပြောင်းလဲစေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
 
အင်ဒိုခရိုင်းဆိုင်ရာ ပါမောက္ခ မာတင် ဟူးဝိုင်ဆန် ကတော့ ဗီတာမင် ဒီ နေ့စဉ်သောက်တာနဲ့ပတ်သက်တဲ့ စမ်းသပ်မှု အားလုံးလိုလိုမှာ ဗီတာမင် ဒီ သောက်တာဟာ ချို့တဲ့နေတဲ့ လူတွေမှာပဲ ထိရောက်မှုရှိတယ်ဆိုတာ တွေ့ရပေမယ့် တကယ်တန်း ဗီတာမင် ဒီ သောက်တာ ထိရောက်မှုရှိမရှိ စမ်းသပ်မှုတွေနဲ့ ဆုံးဖြတ်ဖို့ ခက်တယ်လို့ ပြောခဲ့ပါတယ်။
 
နောက်ထပ် သုတေသန တွေ လိုကောင်း လိုမယ်လို့ အခု လေ့လာခဲ့ကြတဲ့ သုတေသီတွေကလည်း ကျန်းမာရေးဆိုင်ရာ The Lancet စာစောင်မှာ ဖေါ်ပြခဲ့ကြပါတယ်။
 
သွေးရည်ကြည်တလီတာမှာ ဗီတာမင် ဒီ ပါဝင်မှု ၂၅ နာနိုမိုး(25nmol/L) ထက် နည်းရင် ဗီတာမင် ဒီ ချိုတဲ့တယ်လို့ သတ်မှတ်ပါတယ်။
 
ဘယ်သူတွေ ဗီတာမင် ဒီ သောက်သင့်သလဲ
 
တာမင် ဒီ ကို အသက် ၄ နှစ်အထက် လူတိုင်းမှာ နေ့စဉ် လိုအပ်ချက် ပမာဏ ၁၀ မိုက်ခရိုဂရမ် (၄၀၀ IU) ရရှိဖို့ လိုတယ်။ အထူးသဖြင့် နေရောင်ခြည် အရနည်းတဲ့ ရာသီမှာ ဗီတာမင် ဒီ ကို သောက်ဖို့ သင့်ပါတယ်။
 
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ အသက်အရွယ်ကြီးရင့်သူတွေ၊ အသားမည်းသူတွေ စတဲ့ သူတွေကတော့ နေ့စဉ် ၁၀ မိုက်ခရိုဂရမ် (၄၀၀ IU)သောက်သင့်ပါတယ်။
 
အသက် တနှစ်ကနေ လေးနှစ်အထိ ကလေးတွေကိုလည်း တနေ့ကို ဗီတာမင်ဒီ ၁၀ မိုက်ခရိုဂရမ် (၄၀၀ IU) နေ့စဉ်တိုက်ကျွေးသင့်ပါတယ်။
 
မွေးကင်းစကနေ တနှစ်သားအထိ အထူးသဖြင့် မိခင် နို့ တိုက်ကျွေးနေတဲ့ ကလေးတွေကို တနေ့ကို ဗီတာမင် ဒီ ၈.၅ ကနေ ၁၀ မိုက်ခရိုဂရမ် အထိ တိုက်ကျွေးသင့်ပါတယ်။
 
ဒါ့အပြင် အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မျှတတဲ့ အဟာရဖြစ်စေတဲ့ အစားအသောက်ကိုစားကြဖို့ တိုက်တွန်းပါတယ်။
ဗီတာမင် ဒီ ပါတဲ့ အစားအစာတွေ
 
အဆီဓါတ်များတဲ့ငါး
 
အမဲသား၊ဝက်သား။ဆိတ်သား စတဲ့ အသားတွေ
 
အသည်း
 
ကြက်ဥအနှစ်
 
ဗီတာမင် အားဖြည့် ထည့်သွင်း ပြုလုပ်ထားတဲ့ အစားအသောက်တွေ စသည့်တို့ကိုစားသုံးသင့်ပါတယ်။
 
Ref bbc

19 Oct 2018     1,411 Views




RELATED

Most Popular of Health Fix

Most Popular of JOB