BEC-TERO TV

လူတွေပြောနေကြတဲ့ ယူရစ်အက်ဆစ် ဆိုတာ..?

20 Jul 2017     2,787 Views


အခုတစ်လော လူမှုပတ်ဝန်းကျင်မှာ ကျန်းမာရေးနဲ့ ပက်သက်ပြီး “ယူရစ်အက်ဆစ်” ဆိုတဲ့ ဝေါဟာရကို မကြာခဏဆိုသလို ကြားနေရတတ်ပါတယ်။ ယူရစ်အက်ဆစ်လို့ ကြားရတာနဲ့ နောက်ဆက်တွဲမှာ အဆစ်မြစ်ရောင်တာ၊ လေးဘက်နာ၊ ဂေါက် စတဲ့ရောဂါတွေက ကပ်ပါလာတာမို့ ယူရစ်အက်ဆစ်ဆိုတာနဲ့ ဒါဟာသိပ်မကောင်းတဲ့ လက္ခဏာလို့ အကြမ်းအားဖြင့် သိထားကြပါတယ်။
 
သို့သော် ယူရစ်-အက်ဆစ် (Uric acid) ဆိုတာ ဘာလဲ၊ ဘယ်လိုလဲ၊ များရင်ဆိုးသလား၊ နည်းရင်ကောင်းသလား ဆိုတာကို တိတိကျကျသိတဲ့သူ နည်းပါလိမ့်မည်။ ဒါကြောင့် ယူရစ်အက်ဆစ်ကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေ၊ ဆောင်ရန် ရှောင်ရန်တွေကို ဖော်ပြပေးလိုက်ပါတယ်။
 
ယူရစ်အက်ဆစ်ဆိုတာ အချို့အစားအသောက်တွေမှာ ပါဝင်တဲ့ ‘ပြူရင်း(purines)’ တွေကြောင့် ယူရစ်အက်ဆစ်လို့ ခေါ်တဲ့ ဓာတုပစ္စည်းတစ်ခုက ခန္ဓာကိုယ်ထဲမှာ ဖြစ်တည်လာတာ ဖြစ်ပါတယ်။ အဲ့ဒီယူရစ်အက်စစ်ဟာ သွေးထဲမှာ ပျော်ဝင်သွားပြီး သွေးကနေတစ်ဆင့် ကျောက်ကပ်ကို သွားပါတယ်။ အဲဒီကနေမှတစ်ဆင့် ဆီးထဲကို ရောက်ပါတယ်။
 
ခန္ဓာကိုယ်ဟာ ယူရစ်အက်ဆစ် ထုတ်လုပ်မှုများနေလို့သော်၎င်း၊ ယူရစ်အက်ဆစ်စွန့်ပစ်မှု မလုံလောက်ရင်သော်၎င်း ရောဂါတွေ စလာပါပြီ။ သွေးထဲမှာ ယူရစ်အက်ဆစ်များနေတာကို ဆေးပညာအရ “Hyperuricemia” လို့ ခေါ်ပါတယ်။
 
ကလေး၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီးအလိုက် လူတစ်​ယောက်ရဲ့  သွေးထဲမှာ ရှိသင့်ရှိထိုက်တဲ့ ပမာဏသတ်မှတ်ချက်ရှိပါတယ်။ ဒါကို (mg/dl) ဆိုတဲ့ သွေးထဲမှာပါဝင်တဲ့ သကြားဓါတ်ပမာဏကို တိုင်းတာတဲ့ သတ်မှတ်ချက်နဲ့ တိုင်းတာပါတယ် (mg/dl) ရဲ့အရှည်ကတော့ milligrams of glucose per deciliter of blood ဖြစ်ပါတယ်။
 
ဆီးကနေ ယူရစ်ဓါတ်ကို စစ်ဖို့ဆိုရင် ၂၄ နာရီကြာထားထားတဲ့ ဆီးကနေ စစ်ဆေးရပါတယ်။ ဆီးမခံခင် အရက်သောက်ထားခြင်း မပြုရပါ။ သွေးမစစ်မီ ၄ နာရီအတွင်း အစာမစားရပါဘူး ဆီးရဲ့ ပုံမှန်အဖြေက 250 to 750 milligrams per 24 hours ဖြစ်ပါတယ်။
 
သွေးစစ်တဲ့အခါ ပုံမှန် ယူရစ်အက်ဆစ်ပမာဏက
လူကြီး (ကျား) = 3.4-7.0  mg/dL (သို့မဟုတ်)  202-416 micromoles per liter (mcmol/L)
လူကြီး (မ) = 2.4-6.0 mg/dL - 143-357 mcmol/L
ကလေး = 2.0-5.5 mg/dL - 119-327 mcmol/L တို့ ဖြစ်ပါတယ်။
 
ဒီအတိုင်းအတာကို ကျော်လွန်နေရင်တော့ ယူရစ်အက်ဆစ်များတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ယူရစ်အက်ဆစ်များတဲ့အခါ ဂေါက်ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ Metabolic syndrome ရောဂါတွေနဲ့လဲ ဆက်စပ်နိုင်တဲ့အပြင် ယူရစ်အက်ဆစ်ကျောက် ဖြစ်စေတတ်ပါတယ်။
 
ယူရစ်အက်ဆစ်ဓါတ်ကို ကျောက်ကပ်ကနေ ဆီးနဲ့အတူ စွန့်ထုတ်တာဖြစ်တဲ့အတွက် ကျောက်ကပ်မကောင်းရင် သွေးထဲမှာများနေမှာ ဖြစ်ပါတယ်။ အမျိုးသားများ အသက်ကြီးလာပါက သံဓါတ်နည်းလာပြီး ကြေနီဓါတ်များလာတတ်တာကလည်း ဆက်စပ်နေတတ်တာမို့ သွေးလှူခြင့်ဖြင့်လည်း ယူရစ်လျှော့နည်းအောင် အထောက်အကူဖြစ်စေပါတယ်။
 
ယူရစ်အက်ဆစ်များရတာဟာ အပေါ်မှာပြောခဲ့သလို အချို့အစားအစာတွေမှာ ပါတဲ့ ပြူရင်း(purines) ကြောင့်ဖြစ်သလို မျိုးရိုးကြောင့်လဲ ဖြစ်တတ်ပါတယ်။
ကလီဆာတွေ (အမြစ်အသည်း၊ ကျောက်ကပ်၊ ဦးနှောက်)၊ အမဲသား၊ ဝက်သား၊ ဆိတ်သား၊ ဝက်ပေါင်ခြောက်၊ ပင်လယ်ငါးတချို့ (ဆာဒင်းငါး၊ မက်ကာရဲလ်ငါး)၊ ဟင်းအနှစ်များတဲ့ဟင်း၊ ဘီယာ၊ အရက်၊ အုတ်မီးလ်၊ ဂျုံဖြူတို့မှာ ပြူရင်း အများအပြားပါဝင်တဲ့အတွက် ယူရစ်အက်ဆစ်များသူတွေ အထူးလျှော့ပေါ့ စားသုံးရမှာဖြစ်ပါတယ်။
 
အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ခရမ်းချဉ်သီး၊ အသီးများ၊ ဖြူဆွတ်နေအောင်လုပ်မထားတာမဟုတ်တဲ့ ဆန်မှုံ့၊ ဂျုံမှုံ့လုပ်အစားအစာတွေ၊ ထောပတ်၊ ဒိန်၊ ကြက်ဥ၊ ချောကလိတ်၊ ကိုကိုး၊ ကော်ဖီ၊ လဖက်ရည်၊ ကာဗွန်ပါသောက်စရာ၊ အစေ့အဆံတွေကိုတော့ စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။
 
ယူရစ်အက်ဆစ်ဟာ များတာရှိသလို၊ လိုအပ်တာထက် နည်းတာလည်း ရှိပါတယ်။ ယူရစ်အက်ဆစ် နည်းရတာကတော့ စားသောက်တဲ့ အစာထဲမှာ သွပ်ဓါတ်နည်းရင်၊ အမျိုးသမီးတွေမှာ ကိုယ်ဝန်တား စားဆေးသောက်နေရင် နည်းနိုင်ပါတယ်။ သံဓါတ်နည်း သွေးအားနည်းရောဂါ ရှိနေရင်လဲ နည်းတတ်ပါတယ်။ 
 
ဒီဓါတ်နည်းနေသူတွေနဲ့ Multiple sclerosis ရောဂါ ဆက်စပ်နေတယ်။ အရက် အကြာကြီးသောက်သူ။ နာတာရှည် ကျောက်ကပ် ရောဂါရှိသူ၊ ခဲဆိပ်သင့်သူတွေမှာ ဆီးစစ်မယ်ဆိုရင် ယူရစ်-အက်စစ် နည်းနေတာတွေ့ရပါလိမ့်မယ်။ ဘယ်အရာမဆို များတာလဲ မကောင်းသလို နဲတာလဲ မကောင်းတဲ့အတွက် ပုံမှန်ဖြစ်အောင် အစားအသောက်အနေထိုင် ဆင်ခြင်ပြီး နေထိုင်နိုင်ကြပါတယ်။ ရောဂါဘယ ကင်းရှင်းကြပါစေ…
 
ကိုးကား − ဒေါက်တာတင့်ဆွေ၊ အင်တာနက်

20 Jul 2017     2,787 Views




RELATED

Most Popular of Health Fix

Most Popular of Life Style