BEC-TERO TV

အလုပ်ချိန်ရှည်ကြီး လုပ်နေရတဲ့အမျိုးသမီးတွေကို ခြိမ်းခြောက်နေတဲ့ ရောဂါ

16 Jul 2018     2,427 Views


လုပ်ငန်းခွင်မှာ သာမန်အလုပ်ချိန်ထက်ပိုပြီး အချိန်ပို လုပ်ကိုင်ရတဲ့အတွက် ပိုက်ဆံပိုရတာတို့ အလုပ်ရှင်က သဘောကျတာတို့ စတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ ဒါပေမယ့် လတ်တလောတွေ့ရှိထားတဲ့ ကျန်းမာရေးသုတေသန အချက်လက်အရ အလုပ်ချိန်အရှည်ကြီး လုပ်ကိုင်ရတဲ့ အမျိုးသမီးတွေဟာ သာမန်အလုပ်ချိန်ပဲ လုပ်ရတဲ့ အမျိုးသမီးတွေထက် ဆီးချိုရောဂါဖြစ်နိုင်ခြေ ပိုမိုမြင့်တက်နေတယ်လို့ တွေ့ရှိထားပါတယ်။

အဆိုပါ တွေ့ရှိချက်အသစ်ကို ဇူလိုင်လ ၂ ရက်နေ့က ထုတ်ဝေခဲ့တဲ့ BMJ ဆီးချိုရောဂါသုတေသီနဲ့ ကုထုံးဂျာနယ်မှာ ဖော်ပြခဲ့တယ်လို့ CNN က ရေးသားခဲ့ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက သြစတြေးလျ သုတေသီတွေရဲ့ တွေ့ရှိချက်မှာတော့ တစ်ပတ်မှာ အလုပ်ချိန် ၃၉ နာရီထက် ပိုပြီးအလုပ်လုပ်ရတဲ့ မည်သူမဆို ကျန်းမာရေး ထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။ အခုတွေ့ရှိချက်အသစ်မှာတော့ အလုပ်ချိန်အကြာကြီး လုပ်ရတဲ့ အမျိုးသမီးတွေအတွက် သီးသန့် ဖော်ပြချက်တွေ ရှိလာပါတယ်။

ယခင်က ဆီးချိုရောဂါမရှိသူ ကနေဒါနိုင်ငံ အွန်တာရီရိုမြို့က အလုပ်သမားပေါင်း ၇,၀၆၅ ယောက် (အမျိုးသမီး ၃,၅၀၂ နဲ့ အမျိုးသား ၃,၅၆၃) တို့ကို သုတေသီများက ၁၂ နှစ်တာ စောင့်ကြည့် သုတေသန လုပ်ခဲ့တာဖြစ်ပါတယ်။
အလုပ်ချိန်အရှည်ကြီး လုပ်ရတဲ့ အမျိုးသားတွေမှာ ဆီးချိုဖြစ်စေနိုင်တဲ့ အန္တရာယ် မြင့်တက်လာခြင်းမရှိပေမယ့် အမျိုးသမီးတွေမှာတော့ သိသိသာသာ မြင့်တက်လာတာကို တွေ့ခဲ့ရပါတယ်။

တွေ့ရှိချက်အရ တစ်ပတ်မှာ အလုပ်ချိန် ၄၅ နာရီ ဒါမှမဟုတ် ဒီထက်ပိုပြီး အလုပ်လုပ်ရလေ့ရှိတဲ့ အမျိုးသမီးတွေဟာ တစ်ပတ်မှာ နာရီ ၃၀ ကနေ ၄၀ ကြား အလုပ်လုပ်ရတဲ့ အမျိုးသမီးတွေထက် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၆၃% ထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး ရာခိုင်နှုန်း အနည်းငယ်လျော့ကျနိုင်ကြောင်း ဖော်ပြထားပါတယ်။

သို့ပေမယ့်လည်း တစ်ပတ်မှာ ၄၅ နာရီထက်ပိုပြီး အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေဟာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေတွေနဲ့ ရင်ဆိုင်နေရဦးမှာပဲလို့ သုတေသီတွေကဆိုပါတယ်။ ဒါပေမယ့် အမျိုးသားတွေမှာတော့ မတွေ့ရဘူးလို့ ဖော်ပြထားပါတယ်။

ဒါကြောင့်မို့ အလုပ်ချိန်အရှည်ကြီး လုပ်ရမယ့် အခေုအနေတွေကို မိမိရဲ့ကျန်းမာရေးနဲ့ ယှဉ်ပြီး ချိန်ဆလုပ်ကိုင်ကြဖို့ အသိပေးလိုက်ပါရစေ...။
 


16 Jul 2018     2,427 Views




RELATED

Most Popular of Health Fix

Most Popular of NEWS