BEC-TERO TV

အသက် ၄၀ ကျမှ နောင်တမရအောင် အခုထဲကစပြီး လုပ်သင့်တဲ့အချက်များ

31 Jul 2018     1,725 Views


လူငယ်ဘဝဆိုတာ အလွန်ပျော်စရာကောင်းပါတယ်၊ အပေါင်းအသင်းများတဲ့ သူတွေဆိုရင် သွားလိုက်လာလိုက်နဲ့ နေရက်တိုင်းဟာ ပျော်စရာတွေချည်းပါပဲ။ ဒါပေမယ့် တစ်ခုသတိထားသင့်တာကတော့ လူတိုင်းဟာ တစ်သက်လုံး လူငယ်ဘဝမှာပဲ နေထိုင်ကြရမှာ မဟုတ်ပါဘူး။ တစ်ချိန်မှာ အသက်ကြီးလာကြမှာဖြစ်ပါတယ်။
 
ဆရာဦးအောင်သင်း ပြောခဲ့သလို “အလိမ္မာစာမှာရှိ ဆိုပေမယ့် အသက် ၄၀ ကျော်တဲ့ထိ အဲ့ဒီလူ မလိမ္မာသေးဘူးဆိုရင် ဘာစာဖတ်ဖတ် မလိမ္မာတော့ဘူး” ဆိုသလိုပါပဲ။ လူကြီးဖြစ်ပြီလို့ ပြောရမယ့် အသက် ၄၀ အရွယ်ရောက်လာတဲ့အခါ နောင်တမရဖို့ဆိုရင် လူငယ်တွေအနေနဲ့ အခုထဲက စပြီးလေ့ကျင့် လုပ်ဆောင်သင့်တဲ့ အရာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
 
၁။ ကိုယ့်ကိုယ်ကို ချစ်တတ်အောင်သင်ယူပါ
 
 
တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်လေးစားပါ။ ဒီအချက်ဟာ အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုချစ်တတ်ပါ ဆိုတာ အတ္တကြီးခိုင်းတာမျိုးမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ချစ်တတ်မှလည်း သူတစ်ပါးအပေါ်မှာ ကိုယ်ချင်းစာ စာနာနားလည်မှုပေးတတ်မှာပါ။ ကိုယ့်ကိုယ်ကို လေးစားမှလည်း သူများအပေါ် လေးစားတတ်မှာပါ။
 
သုတေသီတွေရဲ့ အဆိုအရ ကိုယ့်ကိုယ်ကို ချစ်တတ်တာဟာ ဘဝအောင်မြင်မှုအတွက် အထောက်အကူ ပိုရစေပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကို ချစ်တတ်သူဟာ အမှားလုပ်မိသွားတဲ့အခါ ကိုယ့်ကိုယ်ကို ပြစ်တင်ဝေဖန်နေတာထက် အဲဒီအမှားအပေါ်ကနေ သင်ခန်းစာယူပြီး နောက်တစ်ကြိမ် မမှားအောင် ပြင်ဆင်တတ်လာတာကြောင့်ပါ။
 
ကိုယ့်ရဲ့သူငယ်ချင်း မိတ်ဆွေတစ်ယောက် တစ်ခုခုဆုံးရှုံးသွားတဲ့အခါ ကိုယ်က နှစ်သိမ့်သလိုမျိုး “စိတ်မကောင်းပါဘူး ကြိုးစားနေရဲ့သားနဲ့ ဖြစ်သွားတာပါ” “အားမလျော့ပါနဲ့” စသည်ဖြင့် ကိုယ်တိုင်က ရှုံးနိမ့်ခဲ့ရင်၊ အမှားလုပ်မိခဲ့ရင် ပြစ်တင်မယ့်အစား ကိုယ့်ကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်အားပေးပါ။

 

၂။ ငြင်းပယ်ကြောင်း ပြောဖို့ ယုံကြည်ချက်ထားပါ
 
 
ဆိုလိုတာကတော့ တစ်ခုခုကို ငြင်းပယ်လိုက်ဖို့ အားမနာပါနဲ့။ ကိစ္စတစ်ခုခုကို ကိုယ်က အမှန်တစ်ကယ်တာဝန်မယူနိုင်ပဲ အားနာ၍ဖြစ်စေ၊ မလွန်ဆန်ဝံ့၍ ဖြစ်စေ ခေါင်းညိမ့်ပြီးကာမှ ပြီးမြောက်အောင် မစွမ်းဆောင်နိုင်တာထက်စာရင် အစကထဲက မဖြစ်နိုင်ကြောင်း ယဉ်ကျေးစွာ ငြင်းဖို့ အင်အားရှိပါစေ။
 
အလုပ်တိုင်း ကိစ္စတိုင်းကို “နိုး” လို့ ငြင်းပယ်ခိုင်းခြင်းမဟုတ်ပါဘူး။ ငြင်းပယ်တဲ့နေရာမှာလည်း တစ်ဖက်လူ နားလည်လက်ခံသွားအောင် ပြောဆိုတဲ့နည်းလေးလည်း လိုပါသေးတယ်။
ဥပမာ ကိုယ့်မှာ အလုပ်တွေ ပိနေတဲ့ကြားကနေ အလုပ်ရှင်က ထပ်ပြီး နောက်ထပ်အလုပ်အသစ်တစ်ခု တာဝန်ထပ်ပေးတယ် ဆိုပါစို့။ ဒီနေရာမှာ “ကျွန်တော်မှာ အလုပ်တွေအရမ်းပိနေပြီ ဒါကိုတော့ မလုပ်နိုင်ဘူး” လို့ ငြင်းဆိုမယ့်အစား “ကျွန်တော်ကို တာဝန်ပေးတာ ကျေးဇူးတင်ပါတယ်၊ လုပ်လဲ လုပ်ပေးချင်ပါတယ် ဒါပေမယ့် အခုလက်ရှိအလုပ်တွေကလည်း လက်စသတ်လို့ မပြီးသေးလို့ လောလောဆယ် ဆရာပေးတဲ့အလုပ်ကို ကျွန်တော် လက်မခံသေးရင် ဖြစ်နိုင်မလား” စသည်ဖြင့် ယဉ်ကျေးစွာ ငြင်းပယ်တတ်အောင် လေ့ကျင့်ထားဖို့ လိုပါတယ်။
 

 

၃။ စွန့်စားရမှာ မကြောက်ပါနဲ့
 
 
ဒီအရွယ်ဟာ စွန့်စားလို့ အကောင်းဆုံးအရွယ်ဖြစ်ပါတယ်။ ကိစ္စတစ်ခုမှာ ကိုယ်စွန့်စားလိုက်လို့ အောင်မြင်သွားရင် အောင်မြင်သူကြီး ဖြစ်သွားနိုင်သလို၊ မအောင်မြင်ခဲ့ရင်လည်း အဲဒီကိစ္စဟာ သင်အသက် ၄၀ ရောက်တဲ့အခါ ပြန်ပြောပြဖို့ အကောင်းဆုံး အတွေ့အကြုံတစ်ခု ဖြစ်မှာမို့ အရှုံးမရှိပါဘူး။
 
အသက် ၂၀ ဝန်းကျင် ဆိုတဲ့ အရွယ်ဟာ ရှုံးနိမ့်ခဲ့တဲ့ အရာရာအားလုံးကို အသစ်ပြန်စလုပ်ဖို့ အချိန်၊ ခွန်အား၊ စိတ်ဓါတ်ကြံခိုင်မှုတွေ အပြည့်ရှိနေသေးတဲ့ အရွယ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ တစ်ခုခု စွန့်စားစရာရှိရင် ဒွိဟစိတ်နဲ့ နောက်တွန့်နေမယ့်အစား စွန့်စားလိုက်ဖို့ သင့်ပါတယ်။ စိုးရိမ်စိတ် အကြောက်တရားက သင့်ကို အနိုင်ယူသွားတာမျိုး အဖြစ်မခံပါနဲ့။ အောင်မြင်နေကြသူတွေဟာ အနည်းငယ်ဆုံးရှုံးမှာကို မကြောက်ကြပါဘူး ဒါကြောင့် စွန့်စားမှုတွေ လုပ်ရင်း အောင်မြင်လာခဲ့ကြတာဖြစ်ပါတယ်။

 

၄။ ပြတ်ပြတ်သားသား ဆုံးဖြတ်
 
 
ဒါကလည်း အပေါ်က အချက်ဖြစ်တဲ့ “စွန့်စားရမှာ မကြောက်နဲ့” ဆိုတာနဲ့ ဆက်စပ်နေပါတယ်။ ဟုတ်ပြီ စွန့်စားရမှာကိုတော့ မကြောက်ပါဘူး ဒါပေမယ့် ပြတ်ပြတ်သားသား စိတ်မဆုံးဖြတ်နိုင်ရင်လည်း ရှေ့ဆက်လို့ရမှာ မဟုတ်ပါဘူး။
 
ဥပမာ အခြားမြို့တစ်မြို့ ၊ နိုင်ငံခြားမှာ ပြောင်းပြီး အလုပ်လုပ်ရမှာမျိုး၊ စီးပွားရေးလုပ်ငန်းက အဲဒီနေရာမှာလုပ်မှ ပိုပြီးအောင်မြင်နိုင်ချေရှိတာမျိုး စသည်ဖြင့် အခွင့်အရေးတွေ ပေါ်လာတဲ့အခါ မိမိနဲ့မရင်းနှီးတဲ့ ပတ်ဝန်းကျင်အသစ်မှာ အဆင်ပြေပါ့မလား၊ မိသားစုနဲ့ မခွဲနိုင်ဘူး စသည်ဖြင့် အတွေးတွေက ဇဝေဇဝါဖြစ်စေပါတယ်။ ဒီလိုအတွေးတွေနဲ့ မလုပ်ဖြစ်ခဲ့သူတွေရဲ့ အကြောင်းပြချက တစ်ခုပဲရှိပါတယ်။ ပတ်ဝန်းကျင် အသစ်ကို မပြောင်းရဲတဲ့ အကြောက်တရားပါ။
ဒါတွေအားလုံးကို ကျော်လွှားပြီး ဆုံးဖြတ်ချက်ပြတ်ပြတ်သားသား ချနိုင်ဖို့ လိုပါတယ်။ အကယ်၍ ဒီဆုံးဖြတ်ချက်ဟာ အလုပ်မဖြစ်ခဲ့ဘူး ဆိုရင်တောင်၊ ပြောခဲ့သလို နောက်တစ်ခါ ပြန်ကြိုးစားဖို့အတွက် အချိန်ရှိနေပါသေးတယ်။

 

၅။ မိမိရဲ့ အားနည်းချက်တွေကို အားသာချက်ဖြစ်အောင်ပြောင်းပါ
 
 
လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိတတ်ကြပါတယ်။ ဒီအားနည်းချက်တွေကို အကြောင်းပြပြီး ဟိုဟာလုပ်လို့မရဘူး၊ ဒီဟာလုပ်လို့မရဘူးလို့ ကိုယ့်ကိုယ်ကို ဘောင်ခတ်ပြီး မတားမြစ်လိုက်ပါနဲ့။
 
Micheal Phelps ဆိုသူဟာ ကိုယ်နေဟန်ထား အတော်အချိုးမကျတဲ့သူဖြစ်ပါတယ်။ ဒါက သူ့မှာ ပြင်လို့မရနိုင်တဲ့ သူ့ရဲ့အားနည်းချက်ကြီး ဖြစ်နေပါတယ်။ ဒီလိုပုံစံနဲ့ အပြေးသမားလုပ်ဖို့လည်း အဆင်မပြေ၊ Dancer လုပ်ရင်လည်း ဘယ်လိုမှ ကြည့်ကောင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ စိတ်ပျက်မသွားပဲ သူ့ရဲ့အားနည်းချက်ကို အသုံးပြုပြီး ရေကူးချံပီယံဖြစ်လာအောင် ပြောင်လဲနိုင်ခဲ့သူဖြစ်ပါတယ်။

ဒီတော့ကိုယ့်မှာရှိတဲ့ အားနည်းချက်ကို အားသာချက်ဖြစ်အောင် ဘယ်လိုပြောင်းလဲရမလဲဆိုတာ စဉ်းစားပြီး အောင်မြင်သူတစ်ယောက်ဖြစ်အောင် အသွင်ပြောင်းနိုင်ပါစေ။
 
 
 
 
၆။ ယဉ်ကျေးစွာ ညှိနှိုင်းတတ်ပါစေ
 
 
စေ့စပ်ညှိနှိုင်းတတ်တဲ့ အတွေ့အကြုံကို အသက်ငယ်ငယ်ထဲက စပြီးလေ့ကျင့်ထားသင့်ပါတယ်။ ဒါဟာကိုယ့်ရဲ့ ဘဝလမ်းကြောင်းမှာ မလွဲမသွေတွေ့ကြုံရမယ့် ကိစ္စကြီးတွေ ဖြစ်လာပါလိမ့်မယ်။ အခြေခံအားဖြင့် အလုပ်စလုပ်တော့မယ်ဆိုရင် လစာညှိနှိုင်းတာက စပြီးတွေ့ကြုံရမှာဖြစ်ပါတယ်။ ဒီတော့ ညှိနှိုင်းမှုလုပ်ဖို့ဆိုတာ ကိုယ်လျှောက်တဲ့ ရာထူးအတွက် အခြေခံလစာတွေ ဘယ်လိုရှိတယ်ဆိုတာ ကြိုတင်သိထားဖို့လည်း လိုပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာလည်း ညှိနှိုင်းမှုဆိုတာ အမြဲမပြတ်ရှိနေတဲ့ ကိစ္စပါဖြစ်ပါတယ်။ အရေးကြီးတာက အဆင်အပြေဆုံးဖြစ်အောင် ညှိနှိုင်းတတ်ခြင်းဖြစ်ပါတယ်။

 

၇။ ကိုယ့်ကိုယ်ကို ခွင့်လွှတ်တတ်ပါ
 
ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။ ကျရှုံးခဲ့ပြီးတဲ့ ကိစ္စတွေအားလုံးအတွက် ကိုယ့်ကိုယ်အပြစ်တင်နေလည်း ဘာမှထူးလာမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ၊ နှစ်သိမ့်ပါ။
ကိုယ့်ကိုယ်ကို ခွင့်လွှတ်တတ်တဲ့ အလေ့အထကတော့ လူငယ်တွေမှာမှ မဟုတ်ပါဘူး အသက်အရွယ်မရွေး ဒီအလေ့အထလေးကို အသုံးချသင့်ပါတယ်။
 
ဖြစ်ပြီးခဲ့သမျှ ကိစ္စတိုင်းအပေါ် နောင်တ မရပါစေနဲ့လို့ ဆိုလိုချင်တာမျိုးမဟုတ်ပါဘူး။ အဲဒါတွေအတွက် ကိုယ့်ကိုယ်ကို မမုန်းတီး၊ မနာကြည်းမိပါစေနဲ့လို့ ဆိုလိုရင်းဖြစ်ပါတယ်။

 

၈။ မိမိကိုယ်ကို သူများနဲ့မနှိုင်းယှဉ်ပါနဲ့
 
 
ဆိုရှယ်မီဒီယာတွေ ထွန်းကားတဲ့ခေတ်မှာ ဒီကိစ္စဟာလည်း အရေးကြီးလာပါတယ်။ အွန်လိုင်းမှာ ကိုယ်နဲ့ သက်တူရွယ်တူတွေက အိမ်ထောင်တွေကျ၊ ကလေးတွေရနေပြီ၊ ကိုယ်ကတော့ခုထိ ရည်းစားတောင်မရသေးဘူး။ ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းတွေကတော့ ဘယ်လိုတွေ အောင်မြင်နေကြပြီ စသည်ဖြင့် ကျွန်တော်တို့ဟာ သူများတွေရဲ့ ဘဝနဲ့ သွားပြီး ချိန်ထိုးနှိုင်းယှဉ်တတ်ကြပါတယ်။
ဒီလို လုပ်မိတာဟာ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် ညှင်းဆဲတာနဲ့ အတူတူပါပဲ၊ အဲဒါကလွဲလို့ တခြားဘာကျိုးမရှိနိုင်ပါဘူး။
 
သုတေသီတွေရဲ့ အကြံပေးချက်အရ ကိုယ်ကိုယ်ကိုယ် သူများနဲ့ သွားပြီးနှိုင်းယှဉ်မိနေတာက ဘာမှအကျိုးမရှိဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေကိုကြည့်ပြီး သူတို့တွေတော့ ပျော်ရွှင်နေလိုက်ကြတာလို့ မြင်ရပေမယ့် အဲဒီလူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဒုက္ခတွေကိုတော့ မမြင်ကြရလို့ လို့ ဆိုပါတယ်။ ဆိုလိုတာကတော့ လူတိုင်းဟာ ကိုယ့်လိုပဲ သူတို့ဒုက္ခနဲ့ သူတို့ဖြစ်နေကြတယ်လို့ ပြောချင်တာဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုယ် သူတစ်ပါးနဲ့ မနှိုင်းယှဉ်မိပါစေနဲ့။

 

၉။ ကိုယ့်တက်လမ်းကို ရိုက်မချိုးမိပါစေနဲ့
 
 
လုပ်ငန်းခွင်တစ်ခုမှ ဘယ်လောက်ပင်မကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အလုပ်ရှင်တွေနဲ့ ကြုံတွေ့နေရပါစေ၊ ဒီပါတ်ဝန်းကျင်က ကိုယ်နဲ့ မသင့်တော်ဘူးလို့ ယူဆရင် အခြားအလုပ်တစ်ခုရှာပြီး အေးဆေးထွက်သွားတာ အကောင်းဆုံးပါပဲ။
 
မကျေနပ်လို့ ပြန်လှန်ပြောဆိုကြတာတွေ ဖြစ်ပြီးမှ အလုပ်ထွက်ခဲ့ရင် ကမ္ဘာကြီးကကျဉ်းလွန်းပါတယ် ဆိုတဲ့ ဆုန်သင်းပါရ် သီချင်းထဲကလိုပဲ အလုပ်ရှင်ဟောင်းနဲ့ အလုပ်ရှင်အသစ်တို့ ဆက်စပ်မိကြတဲ့အခါ ကိုယ့်အတွက် နစ်နာဖို့ပဲရှိပါတယ်။ အခုခေတ်မှာ ပိုလို့တောင် ဆိုးပါသေးတယ်၊ အွန်လိုင်းကနေ အလုပ်ရှာဖွေတဲ့ အေဂျင်စီဝဘ်ဆိုက်ထဲမှာ ကိုယ့်ရဲ့ပရိုဖိုင်းကို အလုပ်ရှင်ဟောင်းက မကောင်းကြောင်း ရေးသွားရင် နောက်အလုပ်တစ်ခုအတွက် အခက်အခဲရှိနိုင်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်တက်လမ်းကိုယ် ရိုက်မချိုးကြမိစေပါနဲ့။

 

၁၀။ ကိုယ့်ကိုအထင်မြင်သေးသူနဲ့ တစ်မိနစ်တောင် စကားမပြောမိပါစေနဲ့
 
ကိုယ့်အပေါ်မှာ အထင်သေးပြီး ကိုယ့်ရဲ့လက်ရှိအခြေအနေထက် ကိုယ်ကို နှိမ့်ချစွာမြင်နေသူတွေအတွက် သင့်ရဲ့အချိန်ကို တစ်မိနစ်တောင် မဖြုန်းမိပါစေနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီလိုလူတွေနဲ့ ပြောဆိုဆက်ဆံလိုက်လို့ သင့်အတွက် ကောင်းကျိုးတွေရလာမှာ မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေသာ ရလာမှာမို့ပါ။
 
ဖော်ပြပါအချက်တွေကို အသက် ၂၀ အရွယ် လူငယ်ဘဝမှာထဲက စတင်ကျင့်သုံးလိုက်နာမယ်ဆိုပါက သင်အသက် ၄၀ ရောက်တဲ့အချိန်မှာ အတော်အတန် ရင့်ကျက်ပြည့်စုံပြီး အောင်မြင်တဲ့ လူကြီးလူကောင်းတစ်ယောက် ဖြစ်လာမှာ မလွဲပါဘူး။

 


31 Jul 2018     1,725 Views




RELATED

Most Popular of Special or Others

Most Popular of Life Style