BEC-TERO TV

ဒါဖတ်ပြီးမှ ဗယ်လင်တိုင်းမ်စ်ဒေးမှာ ချစ်သူနဲ့ ဒိတ်လုပ်ပါ

13 Feb 2019     1,424 Views


ဖေဖော်ဝါရီ ၁၄ ရက်နေ့ဟာ တစ်ကမ္ဘာလုံးက ချစ်သူများနေ့ (Valentine’s Day) အဖြစ် အသိမှတ်ပြုထားတဲ့ အပြည်ပြည်ဆိုင်ရာ ချစ်သူများနေ့ဖြစ်လို့ စုံတွဲတွေအတွက်တော့ နေ့ထူးနေ့မြတ်ကြီးပါပဲ။ ဗီဒေးကို နွှဲဖို့ အဆင်သင့်ဖြစ်နေကြတဲ့ စုံတွဲတွေအားလုံးကို ပွင့်လင်းမြင်သာ ခေတ်ကြီးမှာ ပိုပိုလေးကလည်း လူငယ်အချင်းချင်း ပွင့်ပွင့်လင်းလင်းပဲ ရေးလိုက်တော့မယ်နော်..။ 
 
ဗယ်လင်တိုင်းမ်စ်ဒေး ဖြစ်လာရတဲ့ နောက်ခံဇာတ်လမ်းလေးကတော့ အားလုံးသိပြီးကြမယ်ထင်ပါတယ်။ ဒါပေမယ့် မသိသေးသူတွေအတွက် ဇာတ်လမ်းအကျဉ်းလေး နဲနဲလောက် ပြောပြပါရစေ.. လက်ထပ်ခွင့်ကို ပိတ်ပင်ထားတဲ့ ဘုရင်ခေတ်တစ်ခုမှာ ခရစ်ယာန်ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းမ်က ချစ်သူစုံတွဲတွေကို သူ့ဘုရားရှိခိုးကျောင်းမှာ ဘုရင်ကြီး မသိအောင် တိတ်တဆိတ် လက်ထပ်ပေးတယ်၊ 
 
ဒီလိုနဲ့ ဘုရင်ကြီးသိသွားတဲ့အခါ ဘုန်းတော်ကြီးကို ကွပ်မျက်လိုက်တယ်။ အခက်အခဲတွေကြားကနေ ချစ်သူတွေကို ဆုံဆည်းပေးခဲ့တဲ့ ဘုန်းတော်ကြီး ဗယ်လင်တိုင်းမ်ကို အောက်မေ့ဖွယ်အနေနဲ့ ဖေဖော်ဝါရီ ၁၄ ကို ဗယ်လင်တိုင်းမ်စ်ဒေး အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဇာတ်လမ်းကတော့ ဒါလေးပါပဲ။ ဒါပေမယ့် တို့ပြည်တို့မြေမှာတော့ ဗယ်လင်တိုင်းမ်စ်ဒေးရဲ့ ဂယက်ကတော့ တစ်နှစ်ထက်တစ်နှစ် ပိုကြီးလို့လာပါတယ်။
 
အခြားနိုင်ငံတွေမှာ ထွန်းကားနေခဲ့တဲ့ ဗယ်လင်တိုင်းမ်စ်ဒေး ယဉ်ကျေးမှုဟာ မြန်မာပြည်ကို ၁၉၉၀ ခုနှစ်ဝန်းကျင်များလောက်မှာ နူးညံ့စွာနဲ့ စတင်စိမ့်ဝင်ခဲ့တာပါ။
 
ချစ်သူများအမှတ်တရ စုံတွဲသီချင်းခွေတွေ အပြိုင်အဆိုင် ထွက်ပြီး ချစ်သူတွေ အချင်းခြင်း အပြန်အလှန် လက်ဆောင်တွေပေးကြတယ်၊ ပိုစ့်ကတ်တွေ ပေးကြတယ်၊ ဗယ်လင်တိုင်းမ်စ် အမှတ်တရ ရိုက်နှိပ်ထားတဲ့ တီရှပ်ဆင်တူတွေ ဝတ်ပြီး အပြင်မှာလျှောက်လည်ကြတယ်။ ချော့ကလက်ပေးဖို့ဆိုတာတောင် အခုခေတ်လောက် မပေါသေးပါဘူး၊ ပန်းစည်းအနေနဲ့ ပလပ်စတစ် နှင်းဆီပန်းလေးတွေ ခေတ်စားခဲ့တာပေါ့ ချစ်သူများနေ့ရဲ့ နိဒါန်းဟာ ဒီလောက်လေးပါပဲ။
(ဦးလေးတွေ ပြန်ပြောပြလို့ ပိုပိုလေး သိတာနော်)
 
ဒီခေတ်မှာတော့  မိန်းကလေးနဲ့ ယောကျ်ားလေး တန်းတူပဲလို့ ယူဆနေကြတဲ့အချိန်၊ အချစ်ကိစ္စမှာ သာတယ်နာတယ်ဆိုတာတွေ မရှိဘူးလို့ (အချို့)ခံယူနေကြချိန်၊ ဖြူစင်စွာချစ်တာတွေ မဖြူမစင်ချစ်တာတွေ ခေတ္တဘေးချိပ်ပြီး ပွင့်ပွင့်လင်းလင်းပြောကြပါစို့နော်။ 
 
ဗယ်လင်တိုင်းမ်စ်ဒေး ယဉ်ကျေးမှု တစ်နှစ်ထက်တစ်နှစ် ထွန်းကားလာတာနဲ့အမျှ မြန်မာ့ယဉ်ကျေးမှုပေတံနဲ့ တိုင်းတာရင် လွန်ကျွံထွက် တိုင်းတပါးယဉ်ကျေးမှုအရောင်တွေ စွန်းထင်းခဲ့တာ ကြာနေပါပြီ။ ဒါက ခေတ်ပဲလေ အပြစ်ပြောလို့ ရတာမျိုးမှ မဟုတ်တာ။
 
ဒါကြောင့်မို့ ပိုပိုလေးက ဗယ်လင်တိုင်းမ်းစ်ဒေး ဆင်နွှဲကြမယ့် ချစ်သူတွေအတွက် မသိမရှိ မရှိမဖြစ်တဲ့ အရာလေးတွေကို မေတ္တာနဲ့ ပြောပြပေးချင်ပါတယ်။
 
 
ချစ်သူစုံတွဲနှစ်ယောက်ကြားမှာ မိန်းကလေးဘက်က အဆင်သင့်မဖြစ်သေးရင် ယောကျ်ားလေးဘက်ကလည်း အတင်းရယူဖို့မကြိုးစားပါနဲ့။ မိန်းကလေးတစ်ယောက်ရဲ့ အပျိုစင်ဘဝဟာ ဗယ်လင်တိုင်းမ်စ်ဒေးအတွက် စတေးရမယ့် လက်ဆောင် တစ်ခုမဟုတ်တာတော့ သေချာပါတယ်။(ဆန္ဒမရှိရင်ပေါ့လေ)
 
မိမိကအဆင်သင့်မဖြစ်သေးတဲ့ အခြေအနေမျိုးမှာ ချစ်သူနဲ့အတူ စိတ်ကွယ်ရာနေရာတွေကို လိုက်မသွားသင့်ပါဘူး။ ဗယ်လင်တိုင်းမ်စ်ဒေးမှာ ရလိုက်တဲ့ ရေမွှေး၊ စားစရာ လက်ဆောင် စတဲ့အရာတွေကို သတိထားပြီး သုံးပါ။ ချက်ခြင်းစိတ်ကို ပြောင်းလဲစေတတ်တဲ့ အရာတွေ ပါကောင်း ပါနိုင်ပါတယ် (အမျိုးသားများကို စော်ကားခြင်းမဟုတ်ပါ)။
 
ဒီလိုအခြေနေမျိုးမှာ မိန်းကလေးဘက်က ချစ်သူကို နားလည်အောင် ပြောဆိုဆွေးနွေးပြီး နှစ်သိမ့်ပါ။ ချစ်သူဘဝမှာ “ကိုယ့်ကိုမချစ်လို့လား..?” ဆိုတဲ့ မေးခွန်းဟာ ကမ္ဘာပေါ်မှာ ဖြေရအခက်ခဲဆုံး မေးခွန်းမို့ ရွေးစရာလမ်းမရှိသလို ချောင်ပိတ်ခံရမှာ အသေအချာပါ။ ဒီမေးခွန်းမျိုးကို ဒီမေးခွန်းနဲ့ပဲ ပြန်မေးပြီး အဖြေပေး ရှောင်ထွက်ပါ။ ဒါဟာ မေးခွန်းတစ်ခုမဟုတ်ပါဘူး ထောင်ချောက်တစ်ခု ဖြစ်တယ်ဆိုတာ သတိရပါ။
 
 
အကယ်၍ နှစ်ဦးသဘောတူပြီး ချစ်စခန်းသွားကြတော့မယ်ဆိုရင်တော့ မရှိမဖြစ်ဆောင်ထားရမယ့် အဖော်က ကွန်ဒုံးပါ။ ကွန်ဒုံးဝယ်ရတာ ရှက်စရာမဟုတ်ပါဘူး၊ ကိုယ့်ရဲ့ ကာမဆန္ဒ ပျော်ပါးမှုကြောင့် ဘာမှအဆင်သင့်မဖြစ်သေးပဲ လူလောကကြီးထဲကို ကလေးတစ်ယောက် ဆွဲခေါ်မိသလို ဖြစ်တာမျိုးကသာ ရှက်စရာပါ။ ဒါကြောင့် နောက်ဆက်တွဲ ပြဿနာဆိုးကျိုးများ မဖြစ်ပေါ်စေဖို့ ကွန်ဒုံး အရေးကြီးပါတယ်။
 
နောက်ထပ်အရေးကြီးတာ တစ်ခုကတော့ ကိုယ်သွားတဲ့နေရာ တည်းခိုခန်းမှာ လျှို့ဝှက်ကင်မရာတွေ တပ်ဆင်ထားခြင်းရှိမရှိ အရင်စစ်ဆေးဖို့လည်း လိုပါသေးတယ်။ ဒီလိုမှမဟုတ်ရင် ဗယ်လင်တိုင်းအမှတ်တရ HD ဆိုပြီး အွန်လိုင်းပေါ် မှာ နာမည်ကြီးသွားနိုင်ပါတယ်။ အဲဒီအတွက် ဟိုတယ်အခန်းထဲရောက်ရင် ဆန္ဒကို ခဏမြိုသိပ်ပြီး ဘေးကင်းအောင် အောက်ပါအတိုင်း အရင်စစ်ဆေးပါ။
 
၁။ တစ်ခန်းလုံးက လျှပ်စစ်ပစ္စည်းမီးခလုပ်တွေ ပိတ်လိုက်ပါ၊ ကင်မရာတပ်ဆင်ထားရင် မီးနီ၊ မီးပြာ မီးပွင့်လေးတွေ တွေ့ရပါလိမ့်မယ်။
 
၂။ ဖုန်းကင်မရာနဲ့ စစ်ဆေးပါ၊ မီးမှောင်ချထားတဲ့ အခန်းမှာ ဖုန်းမှ ကင်မရာကို ဖွင့်ပြီး အခန်းရဲ့ ထောင့်နေရာအစုံကို လိုက်ကြည့်ပါ။ ဖုန်းကင်မရာက အလင်းကို လိုက်ရှာတာမို့ သာမန်မျက်စိနဲ့ မမြင်ရတဲ့ အလင်းအသေးလေးတွေကို ထောက်လှမ်းနိုင်ပါတယ်။
 
၃။ နောက်တစ်ခုက တီဗီရီမုတ်ကွန်ထရိုးနဲ့ စမ်းသပ်ကြည့်ပါ။ ဖုန်းကနေ Flash မီးဖွင့်ထားပါ။ တီဗီရီမုတ်ကို တီဗီနဲ့ဝေးရာထောင့် တစ်နေရာကို ယူသွားပါ။ အဲဒီနောက် တီဗီရီမုတ်ရှေ့က မီးသီးလေးကို Flash light နဲ့ ထိုးထားပြီး ရီမုတ်က ကြိုက်တဲ့ ခလုပ်တစ်ခုနှိပ်ပါ၊ ခရမ်းရောင် မီးလင်းသွားတယ်ဆိုရင် ဒါဟာတစ်နေရာမှာ လျှို့ဝှက်ကင်မရာ တပ်ဆင်ထားလို့ပဲဖြစ်ပါတယ်။
 
ယခုဆောင်းပါသည် မည်သည့်အရာကိုမျှ တွန်းအားပေးနေခြင်းမဟုတ်ပါ၊ တွန်းအားပေးလည်း စဉ်းစားတွေခေါ်တတ်တဲ့ ယနေ့လူငယ်များက လက်ခံချင်မှ လက်ခံမည့် သဘောရှိသူများသာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလိုနေ့မျိုးမှာ တားမရပဲ အမှောင်ဘက်ခြမ်းသွာချင်ကြတဲ့ စုံတွဲတွေအတွက် အန္တရာယ်ကင်းအောင် အကြံပြုခြင်းသာဖြစ်ပါတယ်။
 
ဗယ်လင်တိုင်းမ်စ်ဒေးမှာ ချစ်သူတွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ..။ မိန်းကလေးတွေကို နောက်ဆုံးတစ်ခုပဲ မှာလိုတာကတော့ အလိုလိုက်တော့မယ်လို့ ဆုံးဖြတ်ရင် စဉ်းစားပါ၊ ထပ်စဉ်းစား၊ အချိန်ယူပြီး ထပ်စဉ်းစားပါဦးလို့...။
 
(ပိုပိုလေး)

 


13 Feb 2019     1,424 Views




RELATED

Most Popular of Special or Others

Most Popular of Life Style