BEC-TERO TV

စာတော်တဲ့ကျောင်းသား၊ကျောင်းသူတွေဟာ အချစ်ရေးမှာသစ္စာမရှိနိုင်ပါဘူး

19 Feb 2019     2,615 Views


စာတော်တဲ့ ကျောင်းသား တစ်ယောက်ဆိုတာနဲ့ မျက်စိထဲ ပြေးမြင်လိုက်တာက Smart ကျတဲ့ကျောင်းသားတစ်ယောက်ပေါ့။ ထက်ထက်မြက်မြက်ရှိလို့ လူအမြင်မှာလဲ တင့်တယ်ပြီး လူပုံအလယ်ခေါ်သွားရတာ ဂုဏ်ယူစရာကောင်းတဲ့လူမျိုးကိုပြောတာပါ။ ဒါပေမဲ့ လူတစ်ယောက်ဟာ ဘယ်လောက်ပဲတော်ပြီးထက်မြက်နေပါစေ၊ စိတ်ဓာတ်မကောင်းရင်အလကားပါပဲ။ IQ မြင့်ပြီး EQ နိမ့်ရင် ဘာမှသုံးစားလို့မရပါဘူး၊ ဒီလိုလူနဲ့လက်တွဲမိရင် သင့်ဘဝတစ်ခုလုံးအဆိပ်အတောက်ဖြစ်လာနိုင်စေပါတယ်။
 
စာတော်တဲ့ကျောင်းသား(Smart Student) တွေဟာ အချစ်ရေးမှာ သစ္စာမရှိနိုင်ပါဘူး။ ဘာလို့ ဒီလိုပြောကြပါသလဲ? အထူးသဖြင့် မိန်းကလေးတွေစာတော်တဲ့ ကျောင်းသားတစ်ဦးက ကိုယ့်ကိုချိတ်တိတ်တိတ်လာလုပ်နေပြီဆိုရင် သတိထားဖို့လိုနေပါပြီ။ ဒီမှာ စာတော်တဲ့ကျောင်းသားတွေရဲ့ ထူးခြားချက်နဲ့ သူတို့ရဲ့ ခံယူချက်အချို့ကိုတင်ပြပေးလိုက်ပါတယ်။

၁။ လက်တွေ့ဆန်ခြင်း

တော်တဲ့ထက်တဲ့ကျောင်းသားတော်တော်များများဟာ လက်တွေ့ဆန်ကြတာများပါတယ်။ ငယ်စဉ်ကတည်းက စည်းစနစ်ကျကျ နေထိုင်ခဲ့တာဖြစ်တဲ့အတွက် ဒီလိုလူတွေဟာ စိတ်ကူးယဉ်ဆန်ဆန်အလုပ်မျိုးလုပ်ရတာကို မနှစ်သက်ကြပါဘူး။ 
 
ဒီလိုအရာတွေဟာ သူတို့အတွက် အပိုသဘောဆောင်နေတဲ့အဖြစ်အပျက်တွေသာဖြစ် ပါတယ်။ အရာအားလုံးကို ငယ်စဉ်ကဖတ်ခဲ့တဲ့ စာအုပ်ကြီးနဲ့ပဲ တိုင်းတာနေတတ်တဲ့ ဒီလိုလူတွေဟာ သူတို့စံနှုန်းနဲ့ ကိုက်ညီမှုမရှိဘူးဆိုရင် အမြန်ဆုံးဖြုတ်ချခဲ့ဖို့လဲ ဝန်မလေးတတ်ကြပါဘူး။

၂။ ဆုံးဖြတ်ချက်ပြတ်သားခြင်း

လူတစ်ယောက်မှာ ဆုံးဖြတ်ချက်ပြတ်သားခိုင်မာတာက ကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုပါ။ ဒါပေမဲ့ ချစ်မှုရေးရာ (Relationship) တစ်ခုမှာတော့ အသားလွတ်ကြီး ဆုံးဖြတ်ချက်ပြတ်သားတာမျိုးလုပ်လို့မရပါဘူး။ ချစ်သူနှစ်ဦးကြား အကြောင်းကိစ္စတစ်ခုကြောင့် ခွန်းကြီးခွန်းငယ် စကားများကြရင် အကြောင်းအရင်းကို ရှာဖွေတတ်ရပါမယ်။ စာတော်တဲ့ကျောင်းသားတွေဟာ တော်ရုံစိတ်ရှုပ်မခံနိုင်တဲ့အတွက် စိတ်ခံစားချက်နဲ့ ပတ်သတ်ပြီး အချိန်ယူတွေးခေါ်မပေးတတ်ကြပါဘူး။ ဒါကြောင့်လဲ ချစ်သူရည်းစားတွေကြားမှာ ပြဿနာတွေပိုကြီးလာပြီး လမ်းခွဲပြတ်စဲမှုဆိုတာကြီးပေါ်ပေါက်လာတာဖြစ်ပါတယ်။

၃။ ကိုယ့်အတွေးအခေါ်ကိုသာ အလေးထားခြင်း

ဒါကတော့အကြီးမားဆုံးပြဿနာတစ်ခုပါ။ များသေားအားဖြင့် ယောကျင်္ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် တော်တဲ့ထက်တဲ့ သူတွေဟာ ကိုယ်မှန်တယ်ဆိုတဲ့ ‘ငါစွဲ’ လေးတော့ရှိကြပါတယ်။ အိမ်သူသက်ထား(သို့) ချစ်သူကို ငါသူ့ထက်ပိုတော်တယ်၊ သူ့ထက်တွေးခေါ်နိုင်စွမ်းရှိတယ် ဆိုပြီး သူ့ဘက်ကအမြင်ကို မလေးမစားလုပ်တာမျိုးကတော့ ဘယ်လိုမှမဖြစ်သင့်ပါဘူး။ 
 
လူတစ်ယောက်ကို ကိုယ့်အတွေးအခေါ်တွေကို အလေးထားစေချင်ရင် သူတွေးမြင်တာတွေကို အရင်ဆုံးလေးစားသမှုပြုရမှာပါ။ ထိုအခါမှ တစ်ဖက်လူက သင်ဆိုလိုတာ၊ သင်ဖြစ်ချင်တာတွေကို အလိုလိုနေရင်းနားလည်သဘောပေါက်လာမှာဖြစ်ပါတယ်။ ‘ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ရာ’ ဆိုတဲ့စကားဟာ ဒီနေရာမှာပြဿနာရှိလာပါတယ်။ ဒီစကားပုံက ကိုယ်တော်တယ်၊ ကိုယ်တတ်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို အထင်ကြီးဖို့ပြောထားတာမဟုတ်ပါဘူး။ ကိုယ့်အားကို ကိုးတတ်ဖို့ဒီစကားပုံကို ရှေးလူကြီးတွေက စကားပုံအနေနဲ့မှတ်သားစေခဲ့တာပါ။

၄။ သွေးအေးခြင်း

စာတော်တဲ့ ကျောင်းသားတော်တော်များများဟာ များသောအားဖြင့်သွေးအေးတတ်ကြပါတယ်။ လိုချင်တာကို မရရအောင်ကြိုးစားပြီး ယူလေ့ရှိကြတဲ့ type မျိုးပါ။ ဒါကလဲ သူတို့ကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်လာတဲ့ မိဘတွေရဲ့အခြေအနေပေါ်မူတည်ပါတယ်။ 
 
ဥပမာ- ငယ်စဉ်က အဆင့်တစ် ရကိုရ ရမယ်၊ အမှတ်ကောင်းဖို့ ဘာပဲလုပ်ရလုပ်ရ၊ အစရှိသော အတွေးတွေနဲ့ ပြုစုပျိုးထောင်ခံလာရတဲ့ကလေးတစ်ယောက်ဟာ အသက်ကြီးလာတဲ့အခါ လိုချင်တာရဖို့ သွေးအေးပြတ်သားလာတတ်တာမျိုးက အဆန်းမဟုတ်ပါဘူး။ 
 
တကယ်တမ်း အဆင့်(၁) ရခဲ့တာ၊ အမှတ်ကောင်းခဲ့တယ်ဆိုတာကလဲ ကြီးလာတော့ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ ဘာမှအကျိုးမပြုလာပါဘူး။ ကလေးငယ်ရဲ့ စိတ်ထဲမှာ ကိန်းအောင်းလာတတ်တဲ့ အတ္တတစ်ခုပဲအဖတ်တင်ကျန်ရစ်ခဲ့မှာပါ။ ဒီတစ်ချက်ကတော့ မိဘတွေအထူးသတိပြုရမယ့် အချက်ပဲဖြစ်ပါတယ်။

၅။ နေ့စဉ်ဘဝကြီးမှာ စီးမျောမနေဘူး

တော်တဲ့ထက်တဲ့ လူတော်တော်များများဟာ သူတို့ဦးနှောက်ထဲမှာ ရည်မှန်းချက်ပန်းတိုင် အကြောင်းကိုပဲတွေးဆ နေလေ့ရှိပါတယ်။ ဒါဟာမကောင်းဘူး မဟုတ်ဘူး၊ ကောင်းပါတယ်။ ဒါပေမဲ့ လူဆိုတာကလဲ သူ့နေရာနဲ့သူ အလိုက်သင့်လေးနေတတ်ဖို့ကလဲ လိုသေးတယ်ခင်ဗျ။ ငယ်စဉ်က စာကျက်ရမှာမို့ သူငယ်ချင်းတွေ အပြင်ထွက်လည်ဖို့လာခေါ်တာကို မလိုက်ခဲ့ဘူး။ 
 
ဒီလိုလူတစ်ယောက် ကြီးပြင်းလာတဲ့အခါ သူ့မှာ အမှတ်ရနေစရာအတိတ်နေ့ရက်တွေဘာတွေ သိပ်မရှိဘူး။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတာမျိုးတွေသိပ်မလုပ်ခဲ့တော့ အတ္တတွေကြီးတတ်လာမယ်၊ ကိုယ်ချင်းမစာတတ်တော့ဘူး၊ သူများအတွက်မစဉ်းစားပေးတတ်တော့ဘူး၊ စဉ်းစားပေးဖို့ လိုအပ်တယ်လို့လဲ မထင်တော့ဘူး။ 
 
ဒါကြောင့်ဘဝမှာ ပျော်စရာရှိရင်ပျော်၊ စာကျက်စရာရှိရင်စာကျက်၊ အလုပ်ကြိုးစားစရာရှိရင် ကြိုးစားလိုက် သူ့နေရာနဲ့သူအလိုက်သင့်နေတတ်ဖို့လိုအပ်ပါတယ်။ စာတော်တဲ့သူတွေဟာ ကျောင်းသားဘဝတုန်းကလဲ ကျောင်းစာ၊ အလုပ်လုပ်တဲ့အရွယ်ရောက်တော့လဲ အလုပ်ကိုပဲဖိလုပ် ဘဝကိုစီးမျောလိုက်ပါတာမျိုးတွေ သိပ်မလုပ်ကြပါဘူး။ ဒီလို လူမျိုးနဲ့ ဒိတ်ရမယ့် ကိုယ့်အဖြစ်ကိုသာအရင်ဆုံး ပြေးမြင်ကြည့်လိုက်ကြပါတော့။ ပျော်စရာကောင်းမယ်မထင်ပါဘူးနော်။
 
အထက်ဖော်ပြပါ အကြောင်းအရာတွေနဲ့ဆိုရင် စာတော်တဲ့ကျောင်းသားတစ်ယောက် ကဘယ်လို သဘောထားရှိသလဲဆိုတာသိလောက်ပြီထင်ပါတယ်။ ပရိတ်သတ်ကြီးရေ ပိုပိုလေးက တင်ဆက်ပေးတဲ့ဒီလိုပို့စ်တွေကို ဖတ်ရတာကြိုက်နှစ်သက်မိတယ်ဆို like&share လုပ်ပေးဖို့လဲမမေ့ပါနဲ့ဦး။
 
(ပိုပိုလေး)

19 Feb 2019     2,615 Views




RELATED

Most Popular of Special or Others

Most Popular of Life Style