BEC-TERO TV

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ

12 Aug 2020     1,537 Views


မိန်းကလေးတွေဟာ အလှအပနောက်ကိုလိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာတွေကို အလေးမထားမိတာမျိုး ဖြစ်တတ်ကြပါတယ်။
 

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

 
ယောကျာ်းလေးအများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစားတတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေကသင့် ခါး အနေအထားကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာတွေကို အစားထိုးလုပ်ဆောင် ကြည့်ပါ။
 

(၂) ဝ သည်ဟု ထင်မြင်နေခြင်း

 
မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာမှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ် ဆိုပေမယ့် အစားအသောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံးနည်းလမ်းပါ။
 

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

 
ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက်နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ်။ မျက်လုံးမှာဆိုးထားတဲ့ မျက်တောင်ကော့ ဆေးရည်ကိုမဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုးဝင်တာတွေကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေချာစွာ သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာသန့်စင်ရာမှာ ကြေးချွတ်အားမပြင်းတဲ့ မျက်နှာသစ်ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေးနိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။
 

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

 
ဒီကနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ပေါင်တန်းကာ မူးယစ်သောက်စားတတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ခန္ဓာကိုယ်အနည်းငယ် ပိုပြီး သေးသွယ်တာကြောင့် အရက်ရဲ့ ပြင်းအားကို လျှော့ချဖို့ ခန္ဓာကိုယ်မှာ ရေဓာတ်အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။ လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး မပျက်ချင်ဘူးဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက် ဆက်သောက်မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါ လိမ့်မယ်။ သင့်အနေနဲ့ လုံးဝမသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့်စီသောက်ပြီး အရက်သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။
 

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

 
မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဘရာစီယာ အရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင်ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင်သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာအနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက် မအီမသာဖြစ်တာတွေ အထိ ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ်အစားကို သေချာစွာသိအောင်လေ့လာပါ။ ဘရာစီယာဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေးနိုင်ပြီး သင့် ရင်သားအရွယ်အစားနဲ့ ကိုက်ညီတာကို ရွေးချယ်ဝယ်ယူပါ။
 

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း

 
စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်စိတ်များတာတွေကို နှစ်ဆ ပိုမိုခံစားတတ် ကြပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေ ထက် အတိတ်က အကြောင်းအရာတွေကို မမေ့ ပျောက်နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရားထိုင်တာ၊ ယောဂကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။
 

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

 
မိန်းကလေးအများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင် ပြေပြေအသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါတယ်။ အသေးအဖွဲလေးတွေ ဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည်လာတဲ့အခါ သင့်ကျန်းမာရေးကို ဒုက္ခပေး နိုင်ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီးလွန်းနေရင် အနေတော်အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံးအဆောင်တွေကို တစ်ပါတ်တစ်ခါ ရှင်းလင်းဖယ်ရှားပေးပါ။
 

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း

 
ဒေါက်မြင့် ဖိနပ်စီးတာက ခန္ဓာကိုယ်မှအဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ် ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေ သက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။
 

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း

 
ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေးပျက်တာကို ပိုမို ခံစားရတတ်ပါတယ်လို့ မစ်ချီကန် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာ စားချင်စိတ်ဖြစ်ပေါ်စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေ ကလည်း မြင့်မားစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ညဘက် အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုးပေးတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။
 

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း

 
မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင်ထိန်းသိမ်းရတဲ့ တာဝန်လည်းရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုပြုရပါတယ်။ အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန်အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေးမမိအောင် မိုးရေထဲထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲနိုင်တာ၊ တိုက်မိခိုက်မိ နိုင်တာတွေကို ရှင်းလင်းထားပါ။
 
Credit:
 

12 Aug 2020     1,537 Views




RELATED

Most Popular of Health Fix

Most Popular of Life Style