BEC-TERO TV

မျက်စိစွံခြင်း ဝေဒနာ

26 Nov 2020     1,874 Views


ဒီဝေဒနာကို လူတိုင်းနီးပါး ခံစားဖူးကြမယ်လို့ ထင်ပါတယ်။ မျက်ခွံတစ်ခုလုံးနီရဲ မို့ဖောင်းပြီးစမ်းကြည့်ရင် ခဲခဲကြီးနဲ့ တဆစ်ဆစ်နာကျင်ကိုက်ခဲတဲ့ ဝေဒနာကိုပါ ခံစားရတတ်ပါတယ်။ ဒါကို မြန်မာအခေါ် (အရပ်အခေါ် ) မျက်စိစွံတယ်လို့ ခေါ်ကြပြီး သေချာပြောရရင်တော့ မျက်ခွံမှာ ပိုးဝင်ပြီး ရောင်ရမ်းကာ အနာဖြစ်လာတာပါ။ ဆေးပညာအခေါ်အဝေါ်အနေနဲ့ “Stye” လို့ခေါ်တဲ့ ရောဂါဝေဒနာ တစ်မျိုးပါ။
 

ဘယ်အချိန်မှာ အဖြစ်များလဲ

ပူပြင်းခြောက်သွေ့မှုများရာကနေ ရုတ်တရက်မိုးစက်မိုးပေါက်တွေကျလာတဲ့ မိုးဦးရာသီမှာ အဖြစ်များတာ တွေ့ရပါတယ်။ မျက်စိနဲ့ အပေါ်ဘက်မျက်ခွံမှာ အဖြစ်များပြီး အောက်မျက်ခွံမှာလည်း ဖြစ်လေ့ရှိပါတယ်။ မျက်ခွံအရေပြားမှာ ပိုးဝင်ကာ ပြည်တည်ရောင်ရမ်းနာဖြစ်တဲ့ ဝေဒနာ “Stye” ဟာ လူ့ခန္ဓာကိုယ်မှာ ကပ်တွယ်ရှင်သန်နေထိုင်တဲ့ Staphylococcus bacteria ပိုးဝင်ခြင်းကြောင့် ဖြစ်ရတာပါ။ အရေးမကြီးဘူးရယ်လို့ မမှတ်ယူပါနဲ့။ အခန့်မသင့်ရင် မျက်စိအလင်းကွယ်တတ်ပါသတဲ့။
 

ရောဂါလက္ခဏာများ

-       မျက်ခွံတစ်ခုလုံး နီရဲရောင်ရမ်းလာပြီး မျက်ခွံဟာ လက်နဲ့စမ်းရင် တင်းပြီး ပူနေတတ်ပါတယ်။
 
-       အများအားဖြင့် မျက်ခွံရဲ့အလယ်မှာ ပြည်အိတ်ဖုကို ခဲခဲကြီး စမ်းမိနိုင်ပါတယ်။
 
-       မျက်ခွံသာမက မျက်သားတွေပါ နီရဲနေတတ်ပါတယ်။
 
-       မျက်စိကနေ မျက်ဝပ်တွေ ထွက်သလို မျက်ရည်ပူလည်း ကျတတ်ပါတယ်။
 
-       အမြင်အာရုံက ကြည့်လို့သိပ်မကောင်းဘဲ မှုန်ဝါးလာတတ်ပါတယ်။
 
-       မျက်ခွံတင်းရင်း ဖောင်းကားလာတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ ကြည့်ရခက်သလို စိတ်ကသိကအောက်လည်း ဖြစ်စေပါတယ်။
 
-       တဆစ်ဆစ်နဲ့ နာကျင်ကိုက်ခဲတတ်ပြီး တစ်ခါတလေလည်း နာကျင်မှုကို မခံစားရတတ်ပါဘူး။
 

ကာကွယ်နိုင်ဖို့

အဓိကကတော့ တစ်ကိုယ်ရေ သန့်ရှင်းရေးပါ။ မျက်ဝန်းတစ်ဝိုက်ကို သန့်ရှင်းအောင်ထားပါ။  အဓိကတရားခံထဲမှာ လက်ကလည်းပါပါတယ်။ လက်ဟာ ခန္ဓာကိုယ်မှာ ဘက်တီးရီးယားပိုးတွေ အများဆုံးကပ်ငြိနေတဲ့ နေရာပါ။ မျက်စိကို လက်နဲ့မလိုအပ်ဘဲ မထိကိုင်တာ၊ လက်ကို သန့်ရှင်းစင်ကြယ်အောင် သေချာဆေးကြောတာမျိုး လုပ်ပေးပါ။
 
-       မျက်စိကို ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ မကပ်အောင် အပြင်သွားတဲ့အခါ မျက်မှန်တပ်ပေးပါ။
 
-       နောက်တစ်ချက်က မျက်လုံးတစ်ဝိုက်ကို ရေသန့်လေးနဲ့ တစ်နေ့ (၃) ကြိမ်လောက် ဆေးကြောသန့်စင်ပေးရင် မျက်စိစွံတာကို ကာကွယ်ပေးရာရောက်ပါတယ်။
 
-       မျက်ဝန်းတစ်ဝိုက် ရှဲဒိုး၊ လိုင်နာ ဆိုးတတ်သူဆိုရင် အပြင်က ပြန်ရောက်တာနဲ့ ခြယ်သထားတာတွေကို သေချာသန့်စင်အောင် ဖယ်ရှားပေးပါ။
 

ကုထုံးများ

မျက်ခွံ ပိုးဝင်ရောင်ရမ်းနာဖြစ်ရင် ပိုးဝင်ရောင်ရမ်းနာကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးကို ဟန့်တားဖို့ Antibiotics (ပဋိဇီဝ ပိုးသေဆေး) ကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးနိုင်ပါတယ်။
 
အိမ်တွင်းကုထုံးအနေနဲ့ ရေနွေးစွတ်ထားတဲ့ ပုဝါစ သန့်သန့်ကို ရောင်ရမ်းနေတဲ့ မျက်ခွံပေါ်  ၅ မိနစ်ကနေ ၁၀ မိနစ်အထိ ဖုံးအုပ်ပေးတာကို တစ်နေ့မှာ ၃ - ၆ ကြိမ်လုပ်ပေးပါ။ ပိတ်ဆို့နေတဲ့ အနာထိပ်ဝပွင့်ပြီး ပြည်တွေ ပေါက်ထွက်ကာ အနာကျက်မြန်စေပါတယ်။ တစ်ခုသတိပြုရမှာက အနာကို သေချာသန့်စင်အောင်ထားဖို့ပါပဲ။
 
အနာတစ်ဝိုက် ပိုးသန့်စင်အောင် သန့်စင်ဆေးကြောတဲ့အခါ မျက်စိတစ်ဝိုက်ကို အရက်ပြန်သုံးတာရှောင်ပါ။ အရက်ပြန်အစား Beta – iodine ကို သုံးပြီး သန့်စင်ဆေးကြောပေးရင် အနာသန့်သလို အနာကျက်တာလည်း မြန်စေပါတယ်။
 
အနာသန့်စင်ပြီးတဲ့အခါ ဆရာဝန်ညွှန်ကြားထားတဲ့ ပဋိဇီဝပိုးသတ်လိမ်းဆေးကို ညွှန်ကြားထားတဲ့အတိုင်း လိမ်းပေးပါ။
 
Credit: 

26 Nov 2020     1,874 Views




RELATED

Most Popular of Health Fix

Most Popular of Life Style