BEC-TERO TV

ဆေးလိပ်ဖြတ်နည်းများ

30 Nov 2020     1,601 Views


ဆေးလိပ်စွဲနေသူသည် ဆေးလိပ်ဖြတ်သင့်ပါသည်။ ဆေးလိပ်သည် ကျန်းမာရေးရှုထောင့်မှကြည့်လျှင် အလွန်ဆိုးရွားသော အန္တရာယ်များကို ပေးပါသည်။ လူမှုရေးရှုထောင့်နှင့် စီးပွားရေးရှုထောင့်မှ ကြည့်လျှင်လည်း ကောင်းကွက်မရှိလှပါ။ ဆေးလိပ်မီးကြောင့် မီးဘေးအန္တရာယ် ရှိပါသည်။
 
တစ်ခါတစ်ရံ မအားလပ်သည့်ကြားမှ ဆေးလိပ်သောက်ချိန်ပေးနေရသည့် အခြေအနေမျိုး ရှိတတ်သောကြောင့် အချိန်ကုန်ပါသည်။ အလုပ်ရှုပ်ပါသည်။ ငွေကုန်ပါသည်။
 
ဆေးလိပ်ဖြတ်လိုစိတ်ပေါ်လျှင် ဆေးလိပ်သောက်ခြင်း၏ အကျိုးအပြစ်များကို စဉ်းစားနှိုင်းယှဉ်ကြည့်သင့် ပါသည်။ အကျိုးထက် အပြစ်ကသာများကြောင်း အသေအချာ မြင်ရပါလိမ့်မည်။ ထိုသို့ မြင်လာပြီးနောက် မိမိဆေးလိပ်သောက်တတ်သည့် အချိန်အခါ အခြေအနေတို့ကို သုံးသပ်သင့်ပါသည်။
 
အစားအစာစားပြီး ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်ဖြင့် ဧည့်ခံစကားပြောခြင်း စသည်ဖြင့် အခြေအနေမျိုးမျိုးကို တွေ့လာပါလိမ့်မည်။ ယင်းအခြေအနေမျိုးကို သတိထားရှောင်ရှားရပါမည်။
 
မိမိသည် အိမ်ထောင်သည်ဖြစ်သော် မိမိ၏ အိမ်ထောင်ဖက်နှင့် သားသမီးများ၏ အကူအညီကို ရယူသင့်ပါသည်။ ဆေးလိပ်မသောက်ရန် သူတို့၏ အားပေးမှုသည် အရေးကြီးပါသည်။ ဆေးလိပ်၊ မီးခြစ်၊ ဆေးလိပ်ခွက် စသည်တို့ကို ဖယ်ရှားထားသင့်ပါသည်။ ဆေးလိပ်ဖြတ်သူများနှင့် မိတ်ဖွဲ့၍ သူတို့၏ အတွေ့အကြုံနှင့် အားပေးကူညီမှု ကိုလည်း ရယူသင့်ပါသည်။ ဆေးလိပ်မသောက်ရ၍ ဖြစ်တတ်သော လက္ခဏာများကြောင့် အခံရခက်နေလျှင်မူ တတ်ကျွမ်းသည့် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။
 
ဆေးလိပ်ဖြတ်သူကို ကုသပေးမည့် ဆရာဝန်သည်လည်း ဆေးလိပ်မသောက်သူ ဖြစ်သင့်ပါသည်။ အချို့နိုင်ငံကြီးများတွင် ဆေးလိပ်ဖြတ်ရာ၌ နီကိုတင်းဓာတ်ကို ခန္ဓာကိုယ်တွင်းသို့ တစ်နည်းနည်းနှင့် ရောက်အောင်ပို့ပေးသည့်နည်းကို သုံးတတ်ကြပါ သည်။ ဥပမာ - အရေပြားအောက်မှ စုပ်ယူနည်း (Via transdermal absorption) ၊ နှာခေါင်းမှ ရှူဆေးသဖွယ်ရှူနည်း (Via nasal inhaler)၊ ပါးစပ်မှရှူနည်း (Via oral inhaler)။ ပီကေကဲ့သို့ ဝါးစားနည်း (Via chewing gum) စသည်တို့ဖြစ်သည်။
 
ဤနည်းသည် ဆေးလိပ်အလွန်စွဲနေသဖြင့် ဆေးလိပ်ဖြတ်ရအလွန်ခက်သောအခါ အသုံးပြုပါသည်။ အမျှင်မပြတ်သော နည်းဖြစ်၏။ ဆေးလိပ်ဖြတ်ပြီး ရက်လကြာသည် အထိ စိတ်မငြိမ်၊ ကိုယ်မငြိမ်ဖြစ်နေသူများအတွက်မူ ကလိုနီဒင်း (clonidine)၊ ဖလိုအိုဇက်တင်း (Fluoxetine)၊ ဘူစပီရုံး (Buspirone) နှင့် ဘူထရိုဗီယွန် (Butropione) စသည့် စိုးရိမ်စိတ်နှင့် စိတ်ကျပျောက်ဆေးတို့ကို အသုံးပြုနိုင်ကြောင်း သိရ၏။
 
ဤနေရာတွင် အလျဉ်းသင့်၍ တင်ပြလိုသည်မှာ ဆေးလိပ်ဖြတ်ရာတွင် ကွမ်းယာနှင့်အစားထိုးဖြတ်သဖြင့် ကွမ်းစွဲသွားခြင်းမျိုး ဖြစ်တတ်ပါသည်။ ယခုဖော်ပြပါ ဆေးဝါးများကိုလည်း မိမိသဘောဖြင့် ထင်သလို အသုံးမပြုသင့်ပါ။
 
အချုပ်အားဖြင့်ဆိုရသော ဆေးလိပ်သောက်ခြင်းကြောင့် အန္တရာယ်များစွာ ကျရောက်နိုင်သည်ကို နားလည်သဘောပေါက် ယုံကြည်လက်ခံပြီးလျှင် ယခုပင်ဆေးလိပ်ဖြတ်ကြပါစို့ဟု တိုက်တွန်းလိုက်ရပေသည်။
 
 
Credit: ဒေါက်တာဟန်စိန် (စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး)

30 Nov 2020     1,601 Views




RELATED

Most Popular of Health Fix

Most Popular of Life Style