BEC-TERO TV

မျက်နှာတစ်ခြမ်းလေဖြတ်ခြင်း

16 Jan 2021     1,614 Views


မျက်နှာရှိ ကြွက်သားများကိုထောက်ပံ့သော အာရုံကြော ရုတ်တရက် အားနည်းသွားခြင်းကြောင့် မျက်နှာတစ်ခြမ်းလှုပ်ရှားမှုမရခြင်းကို ဆိုလိုပါသည်။ အများစုတွင် ရက်သတ္တပါတ်အနည်းငယ်မှ ခြောက်လအတွင်း လုံးဝပြန်ကောင်းသွားပြီး အချို့တွင် တသက်လုံး မပျောက်ဘဲ ရှိတတ်သည်။ မျက်နှာတစ်ခြမ်းသေခြင်းသည် ဖြစ်ပွားပြီး ပြန်လည်ပျောက်ကင်းသွားတတ်သော်လည်း နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ချေရှိသည်။
 

လက္ခဏာများ

မျက်နှာတစ်ခြမ်းသေခြင်း၏ လက္ခဏာများမှာ ရုတ်တရက် ပေါ်ပေါက်လာတတ်သည်။ ၎င်းတို့မှာ... 
 
• နာရီပိုင်း၊ ရက်ပိုင်းအတွင်း ကြွက်သားများ လျင်မြန်စွာ အားနည်းသွားခြင်းနှင့် မျက််နှာတစ်ခြမ်းလုံးဝ လှုပ်၍မရတော့ခြင်း
 
• ဖြစ်သောဘက်ခြမ်းတွင် မျက်လုံးမှိတ်၍မရခြင်း၊ ပြုံး၍မရခြင်း
 
• မျက်နှာတစ်ခြမ်းတွဲကျနေခြင်း
 
• ဖြစ်သောဘက်ခြမ်းတွင် မေးရိုးနှင့် နားတစ်ဝိုက်နာခြင်း
 
• ဖြစ်သောဘက်မှ နားက အသံကို ပို၍ကျယ်ကျယ် ကြားရခြင်း
 
• ခေါင်းကိုက်ခြင်း
 
• အရသာသိမှုနည်းသွားခြင်း
 
• မျက်ရည်နှင့် တံတွေးထွက်မှု နည်းသွားသောကြောင့် မျက်လုံးခြောက်ခြင်း၊ ခံတွင်းခြောက်သွေ့ခြင်း တို့ဖြစ်ပွားတတ်သည်။
 
• အလွန်ရှားရှားပါးပါး အနေဖြင့် မျက်နှာနှစ်ခြမ်းလုံးရှိ အာရုံကြောများ ထိခိုက်သွားခြင်းလည်းဖြစ်တတ်သည်။
 

ဖြစ်ပွားရသော အကြောင်းရင်းများ

ဖြစ်ပွားရသော အကြောင်းရင်းကို တိကျစွာ မသိရသေးသော်လည်း ဗိုင်းရပ်စ်ရောဂါပိုးနှင့် ဆက်စပ်မှုရှိကြောင်း လေ့လာမှုများအရ သိရသည်။ ရေယုန်၊ ရေကျောက်၊ ပါးချိတ်ရောင်၊ ဖျားနာခြင်းတို့မှ ဗိုင်းရပ်စ်ရောဂါပိုးများကြောင့် မျက်နှာသို့ ထောက်ပံ့ပေးသော အာရုံကြောများ ရောင်ရမ်းသွားပြီး မျက်နှာကြွက်သားများ အားနည်းသွားခြင်းကြောင့် ဖြစ်သည်။ မျက်နှာသို့ထောက်ပံ့သော အာရုံကြောများသာမက မျက်ရည်အိတ်၊ တံတွေး၊ အရသာနှင့် အလယ်နားတွင်းသို့ ထောက်ပံ့ပေးသော အာရုံကြောများကိုပါ ထိခိုက်စေနိုင်သည်။
 

ဖြစ်နိုင်ချေများသူများ

• ကိုယ်ဝန်ဆောင် အမျိုးသမီးများ
 
• အအေးမိ၊ တုပ်ကွေး တို့ကဲ့သို့သော ရောဂါပိုးများဝင်ခြင်းနှင့် 
 
• ဆီးချို၊ သွေးချို ရောဂါသည်များ
 
• ယခင်က အလားတူ ရောဂါမျိုးဖြစ်ပွားဖူးသူများ
 
• မိသားစုထဲတွင် မျိုးရိုးရှိသူများတွင် အဖြစ်များသည်။ 
 

နောက်ဆက်တွဲပြဿနာများ

• မျက်နှာရှိ ကြွက်သားများသို့ ထောက်ပံ့ပေးသော အာရုံကြောများ ပြန်မကောင်းနိုင်လောက်အောင် ပျက်စီးသွားခြင်း
 
• ပျက်စီးသွားသော အာရုံကြောများ ပြန်လည်အသစ်ဖြစ်ရာတွင် မလိုအပ်သော ကြွက်သားကျုံ့ခြင်း 
 
• မျက်လုံးပိတ်၍မရသောကြောင့် မျက်လုံးကို အကာအကွယ်မပေးနိုင်ခြင်း၊ မျက်ကြည်လွှာ အလွန်အမင်း ခြောက်သွေ့ခြင်းတို့ကြောင့် မျက်စိကွယ်ခြင်း တို့ကို ကြုံတွေ့ရတတ်သည်။
 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ကြွက်သားများ အားနည်းပြီး လှုပ်ရှားနိုင်ခြင်းမရှိပါက လေဖြတ်ခြင်း ဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့် သွားရောက်ပြသကာ လိုအပ်သော ကုသမှုများကို ခံယူရန်လိုအပ်သည်။
 

စစ်ဆေးမှုများ

ဆရာဝန်နှင့်ပြသ၍ မျက်နှာကြွက်သားများ၏ လှုပ်ရှားမှု ပုံမှန်ဟုတ်မဟုတ်ကို မျက်လုံးမှိတ်ခြင်း၊ မျက်ခုံးတွန့်ခြင်း၊ မျက်မှောင်ကျုံ့ခြင်း၊ သွားစိခြင်းတို့ပြုလုပ်ပြီး စမ်းသပ်နိုင်သည်။
 
Bell’s palsy နှင့်မှားယွင်းနိုင်သည့် မျက်နှာကြွက်သားအားနည်းခြင်းကို ဖြစ်စေသော အခြားအကြောင်းရင်းများကို ရှာဖွေနိုင်ရန်... 
 
- လျှပ်စစ်ဓာတ်သုံး၍ အာရုံကြောများ ပျက်စီးမှုရှိမရှိ စစ်ဆေးခြင်း၊
 
- မျက်နှာသို့ ထောက်ပံ့သော အာရုံကြောများကို ဖိထားသော အဖုအကျိတ်များရှိမရှိကို သံလိုက်ဓာတ်မှန်ရိုက်၍ စစ်ဆေးခြင်း၊ ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း တို့ကို ပြုလုပ်နိုင်သည်။
 

အိမ်တွင်းကုထုံးများ

မျက်လုံးများမှိတ်၍မရပါက မျက်ကြည်လွှာခြောက်သွေ့ပြီး အမြင်အာရုံ ပျက်စီးတတ်သောကြောင့် မျက်နှာတစ်ခြမ်းသေသူများတွင် မျက်စိကို အထူးဂရုစိုက်ရန်လိုအပ်သည်။ မျက်လုံးကို စိုစွတ်မှုရှိစေရန် နေ့ဘက်တွင် မျက်စဉ်းခတ်ခြင်း၊ နေကာမျက်မှန်တပ်ခြင်း၊ ညဘက်တွင် မျက်စိလိမ်းခရမ်လိမ်းခြင်း၊ မျက်စိကို ဖုံးအုပ်၍ အိပ်ခြင်း နာကျင်မှုကို သက်သာစေရန် အကိုက်အခဲပျောက်ဆေးများကို အသုံးပြုခြင်း၊ ရေနွေးဝတ်ကပ်ခြင်း၊ မျက်နှာကြွက်သားများ ပြေလျော့စေရန် နှိပ်နယ်ပေးခြင်း၊ မျက်နှာလေ့ကျင့်ခန်းလုပ်ခြင်း တို့ကို ပြုလုပ်နိုင်သည်။
 
ထို့ပြင် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ အပ်စိုက်ကုသခြင်း၊ ဗီတာမင် B-12/ B-6 နှင့် ဇင့်တို့ကို ဖြည့်စွက်သောက်သုံးခြင်း၊ Biofeedback training တို့ကို ပြုလုပ်ခြင်းဖြင့် ရောဂါသက်သာမှု ပိုမိုအားကောင်းနိုင်သည်။
 
 
Credit:
 

16 Jan 2021     1,614 Views




RELATED

Most Popular of Health Fix

Most Popular of Life Style