BEC-TERO TV

Samsung က ကြီးမှူးကျင်းပမယ့် သိန်းတစ်ထောင်တန် Galaxy Star ရှာပုံတော် အစီစဉ်မိတ်ဆက်

28 Oct 2016     1,453 Views


Samsung နဲ့ ကိုရီးယားနိုင်ငံက ဝါရင့် ရိုက်ကူးထုတ်လုပ်ရေး ပညာရှင်တွေပါဝင်တဲ့ Namin Co.,Ltd တို့ ပူးပေါင်းပြီး  လူငယ်တွေရဲ့ ဂီတအိမ်မက်တွေကို အကောင်အထည်ဖော်ပေးမယ့် သီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ “Galaxy Star 2017 “ အစီအစဉ် မိတ်ဆက်ပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့က Melia Hotel မှာ ကျင်းပခဲ့ပါတယ်။ 
 
“Galaxy Star 2017 “ ပြိုင်ပွဲ အစီအစဉ်အတွက် ပြိုင်ပွဲဝင်တွေကို တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ မြို့ကြီး ၁၅ မြို့မှာ ပဏာမ အသံစစ်ဆေးမှု (Local Challenge) တွေ ပြုလုပ်ပြီး စတင်စစ်ဆေးရွေးချယ်သွားမှာ ဖြစ်ပါတယ်။ Local Challenge မှာ ရွေးချယ်ခံရသူတွေကို Premier Challenge ၊ Galaxy Camp ၊ Korea Training Camp နဲ့ Dream League ဆိုပြီး အဆင့်ဆင့် ထပ်မံရွေးချယ်သွားဦးမှာပါ။
 
နောက်ဆုံးအဆင့် Dream League မှာ အနိုင်ရသူအတွက် ဆုငွေ မြန်မာ ကျပ် သိန်းတစ်ထောင်ကို ချီးမြင့်သွားမယ့် အပြင် တစ်နှစ်အတွင်း ပထမဆုံး ကိုယ်ပိုင်တေးစီးရီးကို ကိုရီးယားနိုင်ငံမှာ ရိုက်ကူးထုတ်လုပ်နိုင်မယ့် အခွင့်အရေးလည်း ရရှိဦးမှာဖြစ်တယ်လို့ သိရပါတယ်။
 
အသက် ၁၅ နှစ်က ၃၅ နှစ်အရွယ်ကြားမှာ ရှိတဲ့ မည်သူမဆို ဒီ Galaxy Star အစီအစဉ်မှာ တစ်ဦးချင်းစီ (သို့မဟုတ်) အဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ အသက် ၁၅ နှစ်က ၁၈ နှစ်ကြား လူငယ်တွေအနေနဲ့ နီးစပ်ရာ Local Challenge အသံစစ်ဆေးမှု ပြုလုပ်ရာဆီကို အုပ်ထိန်းသူခွင့်ပြုချက်နဲ့ နိုင်ငံသားမှတ်ပုံတင် ယူဆောင်လာဖို့ လိုအပ်ပြီး အသက် ၁၈ နှစ်အထက် ပြိုင်ပွဲဝင်တွေအနေနဲ့တော့ နိုင်ငံသားမှတ်ပုံတင် ယူဆောင်လာဖို့သာ လိုအပ်ပါတယ်။
 
Local Challenge အသံစစ်ဆေးမှုတွေကို လာမယ့်၂၀၁၆ ဒီဇင်ဘာလ ၁၀ရက်နေ့ ထားဝယ်မြို့မှ စတင်ကာ၊ ၁၁ ရက်နေ့မှာ စစ်တွေမြို့၊ ၁၄ ရက်နေ့မှာ မော်လမြိုင်မြို့၊ ၁၇ ရက်နေ့မှာ တော့ ဘားအံနဲ့ ပုသိမ်မြို့တွေမှာ အသီးသီး ကျင်းပသွားမှာ ဖြစ်ပါတယ်။ ၂၀၁၆ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပြည်မြို့၊ ၂၂ရက်နေ့မှာ လွိုင်ကော်မြို့၊ ၂၄ ရက်နေ့မှာ မကွေးမြို့၊ ၂၆ ရက်နေ့မှာ တောင်ကြီးမြို့၊ ၂၈ ရက် နေ့မှာ မုံရွာမြို့တို့မှာလည်း အသံစစ်ဆေးပြီး ပဏာမအဆင့် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ 
 
၂၀၁၇ ဇန်နဝါရီလ ၁ ရက်နေ့မှာ ဟားခါးမြို့၊ ၂ ရက်နေ့မှာ မြစ်ကြီးနားမြို့၊ ၇ ရက်နေ့မှာ မန္တလေးမြို့၊ ၁၀ ရက်နေ့မှာ နေပြည်တော်မြို့၊ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့တို့မှာ Local Challenge စစ်ဆေးရွေးချယ်မှုတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ နေရာနဲ့ အချိန်အသေးစိတ်ကိုတော့ နောက်မှ ဆက်လက်ထုတ်ပြန်ကြေငြာသွားမယ်လို့ သိရပါတယ်။ ပဏာမ အဆင့်မှာ အဖွဲ့ (၁၅၀) ကို ရွေးချယ်မှာ ဖြစ်ပြီး နောက်ထပ် အဆင့် (၄) ဆင့်မှာ အထပ်ထပ်စစ်ဆေးရွေးချယ်မှုတွေ ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
 
အသံစစ်ဆေးမှုအတွက် အကဲဖြတ်ဒိုင်များအဖြစ် ဂရေဟမ်၊ ဖိုးကာ၊ ဆုန်သင်းပါရ်၊ ဖြူဖြူကျော်သိန်းနဲ့ J-Me တို့ကပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပြီး ကောင်းထက်ဇော်နဲ့ ဆန်းသစ်လ တို့က အစီအစဉ်တင်ဆက်သူတွေအဖြစ် အားဖြည့်ပါဝင်သွားမှာဖြစ်တယ်လို့ Galaxy Star 2017 အစီအစဉ်မိတ်ဆက်ပွဲ အခမ်းအနားမှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
 
Credit:ရိုးရာလေး

28 Oct 2016     1,453 Views




RELATED

Most Popular of Concerts & Events

Most Popular of NEWS